ပြင်သစ်နိုင်ငံတွင် အခွန်ဌာနသို့ စာရင်းသွင်းထားခြင်း မရှိသည့် ရေကူးကန်များကို AI နည်းပညာသုံးပြီး ရှာဖွေရာမှ အခွန်ငွေ ယူရို (၁၀)သန်းဝန်းကျင် ရရှိ

ပြင်သစ်နိုင်ငံတွင် အခွန်ဌာနသို့ စာရင်းသွင်းထားခြင်း မရှိသည့် ရေကူးကန်များကို AI နည်းပညာသုံးပြီး ရှာဖွေရာမှ အခွန်ငွေ ယူရို (၁၀)သန်းဝန်းကျင် ရရှိ
သြဂုတ် 31, 2022 | နိုင်ငံတကာသတင်း
By Mr John

ပြင်သစ်နိုင်ငံတွင် အခွန်ကောက်ခံရန် တင်ပြထားခြင်းမရှိသည့် ထောင်ပေါင်းများစွာသော ကိုယ်ပိုင်ရေကူးကန်များကို ရှာဖွေတွေ့ရှိခဲ့ရာ ပြင်သစ်အခွန်ဌာန အာဏာပိုင်များအတွက် မမျှော်လင့်ဘဲ ပွပေါက်တိုးသွားခဲ့သည်။ 

ဉာဏ်ရည်တု artificial intelligence (AI) နည်းပညာ စမ်းသပ်အသုံးပြုခဲ့ပြီးနောက် သိုဝှက်တည်ဆောက်ထားသော ရေကူးကန် (၂၀,၀၀၀) ကျော်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ယခု ရှာဖွေတွေ့ရှိရသည့် ကိုယ်ပိုင်ရေကူးကန်များမှ အခွန်ဝင်ငွေ ယူရို (၁၀) သန်းခန့် ရရှိခဲ့သည်ဟု ပြင်သစ်မီဒီယာက ဖော်ပြသည်။ 

ရေကူးကန်ပါဝင်သည့် နေအိမ်အဆောက်အအုံများမှာ ဈေးပိုရမှုကြောင့် ရေကူးကန်များမှာ နေအိမ်အဆောက်အအုံအတွက် အခွန်ငွေပေးဆောင်ရာတွင် ပိုမိုကျသင့်စေနိုင်ပြီး ပြင်သစ်ဥပဒေအရ ရေကူးကန်ရှိပါက အခွန်ကောက်ခံရန် စာရင်းသွင်းတင်ပြရကြောင်း သိရသည်။

Google နှင့် ပြင်သစ်ကုမ္ပဏီ Capgemini တို့ ပူးပေါင်းထုတ်လုပ်ထားသည့် software ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလက စမ်းသပ်အသုံးပြုခဲ့စဥ်အတွင်း ပြင်သစ်နယ်မြေ (၉) ခု၏ ကောင်းကင်ဓာတ်ပုံများတွင် ရေကူးကန်များကို ရှာဖွေတွေ့ရှိခဲ့သည်။ 

Alpes-Maritimes, Var, Bouches-du-Rhône, Ardèche, Rhône, Haute-Savoie, Vendée, Maine-et-Loire နှင့် Morbihan နယ်မြေများတွင် ထိုသို့ စမ်းသပ်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယခုအခါ တစ်နိုင်ငံလုံး၌ အသုံးပြုသွားနိုင်ကြောင်း အကောက်ခွန်အရာရှိများက ပြောသည်။

၂၀၂၀ ခုနှစ် စာရင်းများအရ ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ရေကူးကန် (၃.၂) သန်းကျော်ရှိခဲ့ကြောင်း အချက်အလက်ဆိုင်ရာဝက်ဘ်ဆိုက် Statista က ဆိုသည်။ 

COVID-19 ကပ်ရောဂါကြောင့် နေအိမ်ကနေ အလုပ်လုပ်ရသည့် ဝန်ထမ်းအရေအတွက် ပိုများလာခဲ့ရာ နောက်ထပ် ရေကူးကန်တည်ဆောက်မှုများလည်း တိုးလာခဲ့သည်။

Le Parisien သတင်းစာ၏ ဖော်ပြထားမှုအရ ပျမ်းမျှ (၃၂၂) စတုရန်းပေ အကျယ်အဝန်းရှိသည့် ရေကူးကန်တစ်ကန်အတွက် တစ်နှစ်လျှင် အခွန်ငွေ ယူရို (၂၀၀) ပေးဆောင်ရကြောင်း သိရသည်။ 

Google နှင့် Capgemini တို့ ပူးပေါင်းထုတ်လုပ်ထားသည့် software က အခွန်ကောက်ခံရန် စာရင်းသွင်းတင်ပြမှုမရှိဘဲ နေအိမ်တွင် တိုးချဲ့ဆောက်လုပ်မှုများကိုလည်း ရှာဖွေနိုင်ပြီး အိမ်ခြံမြေ အခွန်ကောက်ခံရာတွင် အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးပြုကြောင်း အခွန်အရာရှိများက ဆိုသည်။

 

Source: BBC

photo: Fly_and_Dive, Raymond ROIG / AFP,