တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဖွင့်ခွင့်ပေးထားသည့် KTV, Bar နှင့် Club များကို Covid-19 တတိယလှိုင်း စတင်လာနေ၍ ယာယီ ပြန်ပိတ်ခိုင်း 

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဖွင့်ခွင့်ပေးထားသည့် KTV, Bar နှင့် Club များကို Covid-19 တတိယလှိုင်း စတင်လာနေ၍ ယာယီ ပြန်ပိတ်ခိုင်း 
ဇူလိုင် 1, 2021 | Covid-19| ရှမ်းရှေ့

 ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် တွေ့ရသည့် အတည်ပြုလူနာ အမျိုးသမီးက 1G1 Hotel ၏ KTV သို့  (၃) ရက်ဆက်တိုက်သွားလာခဲ့ကြောင်းသိရပြီးနောက် KTV ၊ Bar နှင့် Club များအားလုံးကို ယာယီ ပိတ်ခိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယနေ့တစ်နေ့တာအတွင်း KTV သို့သွားလာခဲ့သည့် အတည်ပြုလူနာ အမျိုးသမီးအပါအဝင် အတည်ပြုလူနာ (၁၃) ဦးတွေ့ရပြီးနောက် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သည့်အဖွဲ့က ယနေ့ ညနေပိုင်းတွင် KTV များနှင့် စားသောက်ဆိုင်များကို လိုက်လံစစ်ဆေးပြီး အသိပေးခြင်း ဖြစ်ကြောင်း သိရသည်။ 

ယင်းကဲ့သို့ KTV သို့  သွားရောက်ခဲ့သူများ အပါအဝင် မိမိကိုယ်ကိုကိုယ် သံသယရှိသူများ တာချီလိတ်ဆေးရုံဟောင်းအတွင်းရှိ Fever Clinic သို့  လာရောက်၍ စစ်ဆေးမှုခံယူနိုင်ကြောင်း အသိပေးထားရှိသည်။ 

တာချီလိတ်မြို့တွင် ဇွန်လ (၂၈) ရက်နေ့မှစ၍ ဇူလိုင်လ (၁) ရက်နေ့အထိ စုစုပေါင်းအတည်ပြုလူနာ (၁၆) ဦးတွေ့ထားသည့်အနက်  ထိုင်းနိုင်ငံသားနှင့် တရုတ်နိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။

စစ်အာဏာသိမ်းထားသည့်ကာလအတွင်း တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ထုတ်သော်လည်း KTV ၊ Bar နှင့် Club များကို ဖွင့်ခွင့်ပြုထားခဲ့ခြင်းဖြစ်ပြီး COVID 19 ကူးစက်မှုရှိလာချိန်တွင် စတင်ပိတ်ခိုင်းလာခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးတွင် ဇူလိုင်လ (၁) ရက်နေ့ တစ်နေ့တည်းတွင်  COVID-19 အတည်ပြုလူနာ (၂,၀၇၀) ဦးထပ်တိုးလာပြီး သေဆုံးရသူ (၁၃) ဦးရှိကြောင်း အာဏာသိမ်းစစ်ကောင်စီ၏  MOHS က သတင်းထုတ်ပြန်ထားသည်။