ကျိုင်းတုံ လဝက က ပွဲစားနှင့်ပေါင်းပြီး တရုတ်နိုင်ငံသားများကို ကျပ်သိန်း(၅၀)ဖြင့် မှတ်ပုံတင် ပြုလုပ်ပေးနေ

ကျိုင်းတုံ လဝက က ပွဲစားနှင့်ပေါင်းပြီး တရုတ်နိုင်ငံသားများကို ကျပ်သိန်း(၅၀)ဖြင့် မှတ်ပုံတင် ပြုလုပ်ပေးနေ
ဇွန် 3, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် တရုတ်နိုင်ငံသားများကို တစ်ဦးလျှင် အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင် အပြီးအစီး ကျပ်သိန်း(၅၀)ဖြင့် ပွဲစားနှင့်လဝက ပူးပေါင်းပြီး လုပ်ဆောင်ပေးနေကြောင်း သိရသည်။

"ကျိုင်းတုံက လဝက ရုံးမှာ တရုတ်နိုင်ငံသားတွေကို မှတ်ပုံတင်တွေ ခိုးလုပ်ပေးနေပါတယ်။ မှတ်ပုံတင် နဲ့ အိမ်ထောင်စု စာရင်း အပြီးအစီးကို ကျပ်သိန်း(၅၀)ပေးရတယ်။ အဓိက ပွဲစားကတော့ ဈေးဘက် မီးပွိုင့်နားကပဲ။ သူတို့က အတွင်းထဲက တရုတ်တွေနဲ့ အချိတ်အဆက်ယူပြီး မှတ်ပုံတင်တွေ လုပ်ပေးနေတာ။ လုပ်ပေးသူကလည်း လဝက ရုံးက အကြီးအကဲ တစ်ယောက်ပါပဲ"ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ကျိုင်းတုံ လဝက နှင့် နီးစပ်သူ တစ်ဦးက Tachileik News Agency သို့ ၂၀၂၃ခုနှစ် ဇွန်လ(၃)ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း တာချီလိတ်မြို့တွင် လုပ်ဆောင်၍ ရသော်လည်း ကျိုင်းတုံနှင့်တွက်လျှင် ကျိုင်းတုံက ဈေးသက်သာ၍ ကျိုင်းတုံမြို့တွင်သာ အဓိက သွားရောက် လုပ်ဆောင်နေကြကြောင်း သိရသည်။

"တာချီလိတ်မှာတော့ တရုတ်တွေ နဲ့ ထိုင်းတွေ မှတ်ပုံတင်လုပ်ရင် ကျိုင်းတုံလို ကျပ်ငွေနဲ့မရဘူး ဘတ်ငွေလည်း သိန်းဂဏန်းပေးရတာဆိုတော့၊ ကျိုင်းတုံမှာပဲ ပွဲစားနဲ့ချိတ်ပြီး လာလုပ်ကြတာများတယ်။ လဝက ကတော့ သူတို့ ဒီလို မလုပ်ဘူးလို့ ငြင်းမှာပဲ၊ ဈေးမီးပွိုင့်နားက ပွဲစားကတော့ အသိဆုံးပဲ"ဟု ဒေသခံ တစ်ဦးက ပြောပြသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လာအို၊ ထိုင်း နှင့် တရုတ်နိုင်ငံသားများ ဝင်ထွက်သွားလာနေထိုင်မှု အများဆုံးဖြစ်ပြီး  ဒုစရိုက်မှုများနှင့် ပတ်သက်၍ ဖမ်းဆီးရမိသည့် တရားခံများတွင်လည်း ထိုင်းနှင့်တရုတ်နိုင်ငံသားများ ပါဝင်လေ့ရှိပြီး ၎င်းတို့သည် မြန်မာနိုင်ငံသားများ မဟုတ်သော်လည်း လဝက ထံ ငွေကြေးအမြောက်အများပေးပြီး မြန်မာမှတ်ပုံတင်များပြုလုပ်ကာ နေထိုင်ကြသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါ်မှုများစွာလည်း ရှိခဲ့သည်။