တပ်စခန်း(၃၀၀)ကျော် သိမ်းပိုက်ခံထားရသော်လည်း စစ်ကောင်စီသည် အပိုးမကျိုးသေးဟု ညီနောင်(၃)ဖွဲ့ ထုတ်ပြန်

တပ်စခန်း(၃၀၀)ကျော် သိမ်းပိုက်ခံထားရသော်လည်း စစ်ကောင်စီသည် အပိုးမကျိုးသေးဟု ညီနောင်(၃)ဖွဲ့ ထုတ်ပြန်
ဇန်နဝါရီ 19, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ရခိုင်ပြည်နယ်တို့တွင် တပ်စခန်းများ သိမ်းပိုက်ခံထားရသော်လည်း စစ်ကောင်စီတပ်သည် အပိုးမကျိုးသေးဟု ညီနောင်မဟာမိတ်(၃)ဖွဲ့က   ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့ ညပိုင်း တွင် သတင်းထုတ်ပြန်သည်။

စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အစရှိသဖြင့် အဖက်ဖက်၌ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ယခင်ရက်များအတိုင်း မဟာမိတ်တပ်ဖွဲ့များနှင့် အရပ်သားပြည်သူများအား လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကို မပိုးမကျိုးသေးဘဲ ဆက်လက်ပြုလုပ်နေသည်ဟု ထုတ်ပြန်ထားသည်။ 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုနှင့် ကမကထပြုမှုတို ကြောင့်ရရှိခဲ့သော "ဟိုင်ဂင် သဘောတူညီမှု” သည် တစ်ပတ်ပြည့်ခဲ့ပြီဖြစ်ပြီး တော်လှန်ရေးအဖွဲအစည်းများသည် တော်လှန်ရေးကတိသစ္စာတည်ကြည်သော အဖွဲအစည်းများဖြစ်သည်ဟု ဆိုသည်။

စစ်ဆင်ရေးအရှိန်မှာ အနည်းငယ် ရပ်တန့်သွားသည်ဟုထင်ရသော်လည်း မပြောင်းလဲသော ကိန်းသေအလျင်နှုန်းဖြင့် ၁၀၂၇ စစ်ဆင်ရေးကြီးသည်လည်း ဆက်လက်ရွေ့လျားလျက်ရှိပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော ဘုံရည်မှန်းချက်များအတွက် ပုံမှန်လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။ 

ဟိုင်ဂင် သဘောတူညီမှုရရှိခဲ့သည့်နေ့မှ ယနေ့အချိန်ထိ မဟာမိတ်တပ်များဘက်မှ သဘောတူညီခဲ့သည့်အတိုင်း လိုက်နာနေ၍သာ မလိုလားအပ်သောအခြေအနေများ မဖြစ်ပေါ်လာရခြင်းဖြစ်ပြီး အကယ်၍ စိတ်ရှည်သည်းခံခြင်းလည်း မရှိ၊ ဟိုင်ဂင်သဘောတူညီချက်များကိုလည်း လိုက်နာခြင်း မရှိဘဲ သွေဖည်နေမည်ဆိုပါက သတ်မှတ်ထားသည့်အတိုင်း စစ်ဆင်ရေး ပစ်မှတ်များနှင့် မြို့သိမ်းတိုက်ပွဲများကို အကောင်အထည်ဖော်ထားခဲ့ပြီဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် မဟာမိတ်တပ်များသည် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းပေါင်း(၃၀၀)ကျော်၊ မြို့ပေါင်း(၂၀) ဝန်းကျင်ကို သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်တွင်လည်း မြို့တစ်မြို့နှင့် စစ်ကောင်စီတပ်စခန်း ပေါင်း(၄၀) ကျော်ကိုလည်း အပြီးသိမ်းပိုက်ထားခြင်းဖြစ်သည်။