နမ့်ဆန်မြို့နယ်အတွင်း အရက်မူးနေသည့် အမျိုးသားက အမျိုးသမီးတစ်ဦးကို ကျောက်တုံး နှင့်ပေါက်ပြားတို့ဖြင့် မသေမချင်း သတ်ဖြတ် 

နမ့်ဆန်မြို့နယ်အတွင်း အရက်မူးနေသည့် အမျိုးသားက အမျိုးသမီးတစ်ဦးကို ကျောက်တုံး နှင့်ပေါက်ပြားတို့ဖြင့် မသေမချင်း သတ်ဖြတ် 

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း၊ တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ် မန်လန်းကျေးရွာတွင် အမျိုးသားတစ်ဦးက အရက်မူးပြီး အမျိုးသမီးတစ်ဦးကို မသေမချင်း သတ်ဖြတ်မှု  ဖြစ်ပွားခဲ့ကြောင်း သိရသည်။



 ၂၀၂၃ခုနှစ် ဧပြီ ( ၆ )ရက်နေ့က လက်ဖက်ခြံ၌ တည်းနေသည့် ရွာခံဖြစ်သူ အသက်(၅၆)နှစ်ရှိ ဒေါ်အီညွန့်အား အရက်မူးလာသူ အသက်(၃၅)နှစ်ရှိ ကျော်ခိုင်သူက သူမ၏ ခြံတွင် တည်းမည်ဟုပြောရာ လက်ပေး ပေးတည်းခြင်းမရှိခြင်းကြောင့် ကျောက်တုံး အပြင် ပေါက်ပြားဖြင့်ပါ အဆိုပါ အမျိုးသမီး၏ ဦးခေါင်းကို ထုနှက် ခုတ်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

"အဲ့ဒီ အမျိုးသမီးက လက်ဖက်ခြံမှာ နေတာ။ အဲကောင်က အရက်မူးလာပြီး ခြံမှာတည်းမယ်လို့ ပြောတာ။ အဲအမျိုးသမီးက လက်မခံတော့ သူကျောက်ခဲနဲ့ အဲအမျိုးသမီးကို ထုတာ။ မသေလို့ ပေါက်ပြားနဲ့ ပေါက်လိုက်တာ" ဟု ပြောသည်။

ကျူးလွန်သူ အမျိုးသားကို တအာင်းတပ်မတော် (PSLF/TNLA)၏ အုပ်ချုပ်ရေးဌာနက ဖမ်းဆီးထိန်းသိမ်းထားကြောင်းနှင့် အဆိုပါအမျိုးသားသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ဓားခုတ်မှုကြောင့် TNLA က ဖမ်းဆီးထိန်းသိမ်းဖူးသည်ဟု သိရသည်။

ဧပြီ ( ၂ )ရက်တွင်လည်း တအာင်းဒေသ မန်တုံမြို့နယ် ကုန်းဆာယာကျေးရွာတွင် အမျိုးသားတစ်ဦး အရက်မူးပြီး ကိုယ့်ကိုကိုယ် ဓားဖြင့်ထိုးရာ ဒဏ်ရာရခဲ့ကြောင်းနှင့် ဧပြီ ( ၁ )ရက်နေ့ကလည်း  မူဆယ် (၁၀၅)မိုင်၌ လင်မယားအချင်းချင်း စကားများကြပြီးနောက် အမျိုးသားဖြစ်သူက ကိုယ့်ကိုကိုယ် ဓားဖြင့်ထိုးရာ သေဆုံးသွားသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သေးသည်။ 

ဧပြီလ ( ၁ )ရက်နေ့မှ (၈)ရက်နေ့အထိ ရရှိထားသည့်စာရင်းအရ အရက်မူးပြီး ဓားခုတ်မှု (၃)မှုအထိ ဖြစ်ပွားခဲ့သည်။

အရက်သေစာ အလွန်အကျွံ သောက်စားပြီးနောက် အိမ်တွင်းအကြမ်းဖက်မှု၊ ရိုက်နှက်မှုနှင့် သေဆုံးမှုပါ များလာသောကြောင့် ဒေသတွင်း ထိန်းချုပ်ထားသည့် အဖွဲ့အစည်းများအနေဖြင့် အရက်ရောင်းဝယ် သောက်သုံးမှုကို ကန့်သတ်ချက် ထားသင့်ကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

#TachileikNewsAgency

Photo: CJ