လုပ်အားခ နှင့် အိမ်ခန်းငှားခ မမျှတတော့သည့် တာချီလိတ်မြို့၏ အခြေအနေ

လုပ်အားခ နှင့် အိမ်ခန်းငှားခ မမျှတတော့သည့် တာချီလိတ်မြို့၏ အခြေအနေ
မေ 26, 2023 | ရှမ်းရှေ့

 (၂)နှစ်တာအတွင်း ရွေ့ပြောင်းနေထိုင်သူ များပြားလာသည့် နယ်စပ်ဒေသ တာချီလိတ်မြို့တွင် နေအိမ်အခန်းငှားခများမှာ အဆမတန်မြှင့်တက်လာသည်မှာ လုပ်အားခ လစာထက်ပင် ပိုမိုများပြားလာနေ၍ အိမ်ခန်းငှားခများမှာ အထိန်းအကွပ်မဲ့နေသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း သိရသည်။

"အလုပ်ချိန်က တနေ့ကို (၁၂)နာရီဆင်းရတယ်၊ လစာကတော့ ဘတ်(၆,၀၀၀)ပဲရတာ။ ဒီမှာ အဆင်ပြေမယ်ထင်ပြီးလာနေတာ (၅)လလောက်ပဲရှိသေးတယ်။ အိမ်ခန်းငှားခ နဲ့ အိမ်လစာနဲ့က ဘယ်လိုမှ အဆင်မပြေဘူး။ ဒါတောင် မီတာခ၊ ရေခ နဲ့ အမှိုက်ခ လည်းကျန်သေးတယ်။ မီတာခဆိုလည်း မီးလင်းရေးထက် အိမ်ပိုင်ရှင်က ပိုကောက်သေးတာ။ တစ်ယောက်တည်းဆိုရင် ဘယ်လိုမှ ရှင်သန်လို့မရဘူး။ (၃)ယောက်လုံး အလုပ် ရနေလို့ တော်သေးတယ်လို့ ပြောရမလိုဘဲဗျာ"ဟု အောင်ပန်းမြို့မှ လာရောက်နေထိုင်သူ ကိုကျော်နိုင်က Tachileik News Agency ကို ၂၀၂၃ခုနှစ် မေလ(၂၆)ရက်နေ့တွင် ပြောပြသည်။

တာချီလိတ်မြို့တွင် အိမ်ခန်းခများမှာ ယခင်က ဘတ်(၁,၅၀၀)ဝန်းကျင်ရှိ နေအိမ်အခန်းငှားများမှာ ယခုအခါတွင် အနည်းဆုံး ဘတ်(၃,၀၀၀)အထက်အထိရှိနေပြီး အခန်းငှားခ မည်မျှပင် ဈေးများစေကာမှု အခန်းငှားများ ရှားနေသည့် အခြေအနေထိ ဖြစ်နေကြောင်း သိရသည်။

"အိမ်ခန်းငှားတွေက ဈေးကျသွားတယ်ဆိုတာ မရှိဘူး။ ဈေးတွေက တက်လာတယ်။ ဈေးတက်လာတိုင်းလည်း အိမ်ခန်းငှားတွေက အမြဲပြည့်နေတယ်။ အိမ်ခန်းငှားရတာလည်း မလွယ်ဘူးရှင်။ အကြောင်းမသိတော့ ပွဲစားကိုလည်းပေးရ၊ စပေါ်ငွေများများပေးရနဲ့ အဆင်မပြေဘူး ဆိုတာကို ပြောဖို့တောင် အဆင်မပြေဘူးဖြစ်နေပြီ"ဟု အခန်းငှားဖြင့် နေထိုင်သူ တစ်ဦးက ပြောသည်။



တာချီလိတ်မြို့တွင် နေအိမ်အခန်းငှားများ ဈေးနှုန်းမြှင့်မားလာနေသော်လည်း ဟိုတယ် နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ အပါအဝင် စားသောက်ဆိုင်များနှင့်  ဖျော်ဖြေရေးလုပ်ငန်းများဖြစ်သည့် Club နှင့် KTV များတွင် အလုပ် လုပ်ကိုင်သူများအဖို့ လုပ်အားခ တိုးမြှင့်ခံရမှု နည်းပါးနေသည်ဟု သိရသည်။

"တာချီလိတ်မြို့မှာ အခုလို နေအိမ်အခန်းငှားခ ဈေးနှုန်းမြင့်မားလာပြီး လုပ်အားခတွေက မတန်တဆပဲ ရနေတာက အဆင်မပြေဘူး။ အိမ်ခန်းငှားတွေ ဈေးတက်လာနေသလို လုပ်ငန်းရှင်တွေ အနေနဲ့လည်း လုပ်အားခတွေ တိုးပေးစေချင်တာကတော့ အမှန်ပါပဲ။ တလ တလ အိမ်ခန်းငှားခ ရဖို့ မနည်း ရုန်းကန်ရ နဲ့ ဒီကြားထဲ အိမ်တာဝန်ခံတွေ အိမ်ငှားပိုင်ရှင်တွေက သတ်မှတ်ရက်အတွင်း မပေးနိုင်ရင် အိမ်ထဲကပစ္စည်း ဆွဲထုတ်မယ်လို့ ပြောထားတာတွေရှိနေတော့ မနည်း ကြိုးစားရပ်တည်နေရတယ်"ဟု ဆန်ဆိုင်းရပ်ကွက်တွင်း အခန်းငှားနေထိုင်သူ တစ်ဦးက ပြောသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် မြန်မာကျပ်ငွေထက် ထိုင်းဘတ်ငွေကိုသာ အလေးထား သုံးစွဲနေကြသည့် ဒေသတခုဖြစ်ပြီး နေအိမ်အခန်းငှားခ ဈေးနှုန်းမြှင့်မားလာခြင်းမှာ ၂၀၂၁ခုနှစ် နှစ်ဝက်ပိုင်းက စ၍ များပြားလာနေခြင်း ဖြစ်သည်။