ရခိုင်ပြည်သူများ လူစုလူဝေးဖြင့် နေထိုင်ခြင်းကို ရှောင်ရှားရန် AA သတိပေး၊ ရှမ်းမြောက်တိုက်ပွဲ လျော့နည်းလာသဖြင့် ရခိုင်ဒေသကို စစ်ကောင်စီ စံချိန်တင်ဗုံးကြဲနေ

ရခိုင်ပြည်သူများ လူစုလူဝေးဖြင့် နေထိုင်ခြင်းကို ရှောင်ရှားရန် AA သတိပေး၊ ရှမ်းမြောက်တိုက်ပွဲ လျော့နည်းလာသဖြင့် ရခိုင်ဒေသကို စစ်ကောင်စီ စံချိန်တင်ဗုံးကြဲနေ
ဇန်နဝါရီ 18, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ်ကို စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေဖြင့် ပစ်ခတ်နေသဖြင့် အရပ်သားပြည်သူများ လူစုလူဝေးဖြင့် နေထိုင်ခြင်းကို ရှောင်ရှားကြရန် ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၇)ရက်နေ့ ညပိုင်းတွင် သတိပေးထုတ်ပြန်သည်။

ရခိုင်ပြည်သူများအနေဖြင့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် ဖက်ဆစ်ဝါဒီ စစ်ကောင်စီတပ်၏ လေကြောင်းရန်၊ ရေကြောင်းရန်နှင့် လက်နက်ကြီးရန်များမှ မိမိကိုယ်ကို ကာကွယ်နိုင်သော နည်းလမ်းများဖြင့် အထူးသတိထားပြီး လုံခြုံစွာ နေထိုင်ကြရန် အသိပေးတိုက်တွန်းသည်ဟု ထုတ်ပြန်ထားသည်။

အဆောက်အအုံတစ်ခုတည်းအတွင်း လူအစုလိုက်အပြုံလိုက် သတိပေါ့လျော့စွာ နေထိုင်ခြင်း၊ လူစုလူဝေးလုပ်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ရှား၍ ဖြန့်ကျက်နေထိုင်ကြရန်လည်း တိုက်တွန်းထားသည်။

တရုတ်နိုင်ငံတွင် ဆွေးနွေးခဲ့သည့် ဟိုင်ဂင်ဆွေးနွေးပွဲကြောင့် ရှမ်းမြောက်တွင် ထိတွေ့တိုက်ပွဲ၊ ထိုးစစ်များမှာ လျော့နည်းသွားသော်လည်း ရခိုင်ဒေသအတွင်း၌ စစ်ရေးပြင်းထန်နေသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီ၏စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းယူနေပြီး အခြားတစ်ဖက်တွင်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်၊ ဝိုင်းဝန်းပိတ်ဆို့မှုဒဏ်ကို အလူးအလဲခံနေရသည့် စစ်ကောင်စီသည် မြို့၊ ရပ်ရွာများကို ဦးတည်တိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းအလုပ်ကိုသာ အောက်တန်းကျစွာ ပြုလုပ်နေနိုင်သည်ဟု ဆိုသည်။

ရှမ်းမြောက်တွင် လေကြောင်းတိုက်ခိုက်မှု လျော့နည်းသွားသည့်အချိန်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမှာ ရခိုင်ဒေသ၌ ပိုမိုများပြားလာခဲ့ပြီး ယမန်နေ့သည် ရခိုင်ဒေသအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု စံချိန်တင်သော နေ့တစ်နေ့လည်းဖြစ်ပြီး အရပ်သားပြည်သူများစွာ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများ ရှိခဲ့သည်ဟု သိရသည်။

စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးအပါအဝင် အဖက်ဖက်တွင်ရှုံးနိမ့်နေသော စစ်ကောင်စီတပ်သည် မြေပြင်ရင်ဆိုင်တိုက်ပွဲများ၌ အရေးနိမ့်တိုင်း အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ မြို့ရွာများကို ဗုံးကြဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ သမိုင်းဝင်အမွေ

အနှစ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း စသည့် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို တစ်ရက်ထက်တစ်ရက် လက်ရဲဇက်ရဲ ပေါ်ပေါ်တင်တင် လုပ်လာသည်ဟုလည်း AAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ကို ကြည်း၊ ရေ၊ လေတပ်များဖြင့် အပြင်းအထန် ခုခံနေသော်လည်း ခုခံနိုင်စွမ်းမရှိဘဲ  နှစ်ပေါင်းများစွာ အခိုင်အမာခြေကုတ်တည်ဆောက်ထားသည့် တပ်စခန်းကြီးများအား လက်လွှတ်ဆုံးရှုံးရမှုများအပြင် မြို့ရွာများ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးရနေသည်ဟုလည်း ဆိုသည်။ 

စစ်ကောင်စီတပ်၏ တပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်ရောက်မှုမှာလည်း တစ်ရက်ထက်တစ်ရက် ပို၍များပြားလာပြီး စစ်ကောင်စီ၏ တပ်အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုများ တဖြည်းဖြည်း ပျက်စီးလာနေသည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency