ခင်ဦးတွင် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရကာ သေနတ် ၂ လက်ကို ပကဖ သိမ်းဆည်းရရှိ

ခင်ဦးတွင် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရကာ သေနတ် ၂ လက်ကို ပကဖ သိမ်းဆည်းရရှိ
အောက်တိုဘာ 17, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ်တွင် စစ်ကောင်စီတပ်သား (၃)ဦးအား မြို့နယ် ပကဖ က ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထံမှ သေနတ်(၂)လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့ပေါ် မင်းသိုက်တိုက်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သား (၃)ဦးသည် ခင်ဦး-ရေဦးကားလမ်းအတိုင်းထွက်လာရာ မြို့နယ်ပကဖ က ကြားဖြတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၂)ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ MA 1(၂)လက်ကို မြို့နယ်ပကဖက သိမ်းဆည်းလာခဲ့ပြီးနောက် စစ်ကောင်စီတပ်များက မင်းသိုက်တပ်စွဲနေရာနှင့် ဆေးရုံတပ်စွဲနေရာတို့မှ ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားအမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်၊

မြို့နယ် ပကဖ သည် ၂၀၂၃ ခုနှစ် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ဖေဖော်ဝါရီလတွင် မြို့ပေါ်၌ ဒုရဲအုပ်တစ်ဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ G3 တစ်လက်၊ မေလတွင် မြင်းဒေါင်းနှင့် သာဂရရွာကြားသို့ မူးတိမ်ချောင်းမှ ထွက်လာသော စစ်ကောင်စီတပ်သား(၂)ဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ MA1 တစ်လက်နှင့် AK47 တစ်လက်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်။

#TachileikNewsAgency