မဲဆောက်တွင် မြန်မာစစ်ရှောင် တစ်ထောင်ကျော်ကို ယာယီခိုလှုံရာစခန်းများတွင် နေရာချထား

မဲဆောက်တွင် မြန်မာစစ်ရှောင် တစ်ထောင်ကျော်ကို ယာယီခိုလှုံရာစခန်းများတွင် နေရာချထား

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်နေ၍ ၂၀၂၄ ခုနှစ် ဧပြီလ (၂၀)ရက်နေ့ နေ့လယ်ပိုင်းအထိ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်လာသည့် စစ်ဘေးရှောင် (၁၆၈၆)ဦး ရှိနေပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖေါ်ပြသည်။

မြန်မာစစ်ရှောင် ကလေး မိန်းကလေး (၂၆၈)ဦး၊ ယောကျ်ားလေး (၃၀၆)ဦး၊ အမျိုးသမီး (၆၄၈)ဦးနှင့် အမျိုးသား (၄၆၄)ဦးတို့ကို မဲဆောက်ဘက်ရှိ ယာယီစခန်းများသို့ နေရာချထားပေးပြီး ထိုင်းစစ်တပ်၊ အစိုးရတာဝန်ရှိသူများက လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်နေကြသည်ဟု ထိုင်းသတင်းဌာနဖြစ်သည့် The Reportersက သတင်းဖေါ်ပြသည်။

မြဝတီဘက်တွင် ဧပြီလ (၁၉)ရက်နေ့ ညပိုင်းက တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် ဧပြီလ(၂၀)ရက်နေ့ နံနက်အစောပိုင်းတွင် အရပ်သားများ ထိုင်းဘက်သို့ စတင်တိမ်းရှောင်သွားကြခြင်းဖြစ်ပြီး နေ့လယ် (၁၁)နာရီ (၄၅)မိနစ်အချိန်ထိ မဲဆောက်ဘက် ကူးခွင့်ရသူ (၁၆၈၆)ဦးရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency