ပဇီကြီးဖြစ်စဉ်တွင် လူပေါင်း (၁၆၀)ကျော် သေဆုံးခဲ့ရချိန် နှုတ်ဆိတ်နေသည့် စစ်ကောင်စီ၏ လွှမ်းမိုးခံ အဖွဲ့အစည်းများက ကယားပြည်နယ်သင်္ကြန်ဗဟိုမဏ္ဍပ် ဗုံးကွဲ၍ ကန့်ကွက်ရှုတ်ချကြောင်း တပြိုင်တည်း ကြေညာလာကြ

ပဇီကြီးဖြစ်စဉ်တွင် လူပေါင်း (၁၆၀)ကျော် သေဆုံးခဲ့ရချိန် နှုတ်ဆိတ်နေသည့် စစ်ကောင်စီ၏ လွှမ်းမိုးခံ အဖွဲ့အစည်းများက ကယားပြည်နယ်သင်္ကြန်ဗဟိုမဏ္ဍပ် ဗုံးကွဲ၍ ကန့်ကွက်ရှုတ်ချကြောင်း တပြိုင်တည်း ကြေညာလာကြ
ဧပြီ 16, 2023 | 2021 Military Coup

 အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် အစုလိုက် အပြုံလိုက် အပြစ်မဲ့ပြည်သူ လူပေါင်း (၁၆၀)ကျော် သေဆုံးခဲ့ရသည့် ပဇီကြီးဖြစ်စဉ်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကို လွှမ်းမိုးခံ အဖွဲ့အစည်းများက မည်သည့် ထုတ်ပြန်ချက်မျှ မထုတ်ဘဲ တိတ်ဆိတ်နေခဲ့ပြီးမှ ကယားပြည်နယ်ဗဟိုမဏ္ဍပ် ဗုံံးတစ်လုံးခွဲခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဝါဒဖြန့် သတင်းစာကနေ ကန့်ကွက်ရှုတ်ချချက်များကို တပြိုင်တည်း ကြေညာလာသည်ကို ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၁၆)ရက်နေ့တွင် တွေ့ရသည်။ 

အာဏာသိမ်းစစ်ကောင်စီ၏ လွှမ်းမိုးခံ အဖွဲ့အစည်းများအနက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့က ကယားပြည်နယ်ဗဟိုမဏ္ဍပ်အား Drop Bomb တစ်လုံး ကြဲချမှုကြောင့် လူ(၂၈)ဦး ထိခိုက် ဒဏ်ရာရရှိမှုနှင့် ပတ်သက်ပြီး လုပ်ဆောင်သူများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဧပြီလ(၁၆)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာကနေ ထုတ်ပြန်ကြေညာထားကြခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ပဇီးကြီးကျေးရွာတွင် ၂၀၂၃ခုနှစ် ဧပြီလ(၁၁)ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အသက်(၆)လသားအရွယ်မှ အသက်(၆၈)နှစ်အရွယ်အထိ စုစုပေါင်း (၁၆၈)ဦး အစုလိုက် အပြုံလိုက် တစ်စစီ သေဆုံးခဲ့ကြရပြီး ဒဏ်ရာရရှိပြီး အသက်ရှင်ကျန်ရစ်သူမှာ (၁၆)ဦးရှိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီ၏ လွှမ်းမိုးခံ အဖွဲ့အစည်းများက ဝမ်းနည်းကြောင်း တစ်စုံတစ်ရာမျှ ထုတ်ပြန်ထားခြင်း မရှိခဲ့ပေ။

ပဇီကြီးကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများတွင် အသက်(၁၃)နှစ်အောက် ကလေးသူငယ် (၂၅)ဦး အပါအဝင် ဗုံးကြဲခံရမှုကြောင့် တစစီဖြစ်သွားရသည့် ခန္ဓာကိုယ်များကို လိုက်လံကောက်ယူရသော အချက်အလက်များအရ အသက်အရွယ် ခွဲခြား၍ မရသည့် ကလေးသူငယ် (၁၀)ဦး နှင့် အသက်ခွဲခြားမရသည့် လူကြီး (၃၁)ဦး အပါအဝင် စုစုပေါင်း သေဆုံးသူမှာ အမျိုးသား(၁၁၈)ဦး နှင့် အမျိုးသမီး (၄၆)ဦး အပြင် မျက်နှာများ ပျက်စီးသွားမှုကြောင့် ကျား၊မ ခွဲခြားမရသည့် အလောင်း(၄)လောင်း အပါအဝင် စုစုပေါင်း (၁၆၈)ဦး ရှိကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ လွှမ်းမိုးခံ အဖွဲ့အစည်းများသည် စစ်ကောင်စီတပ်ဘက်က ကျေးရွာများအတွင်း မီးရှို့ဖျက်ဆီးခြင်း၊ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းများကနေ သာလွန်အင်အားများဖြင့် စစ်ကြောင်းထိုးကာ ကျေးရွာနေ  အပြစ်မဲ့ ပြည်သူများကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေခြင်းများနှင့် ပတ်သက်ပြီး မသိသလို နှုတ်ဆိတ်နေလေ့ရှိသည်။