ဝမ်းတွင်းမြို့တွင် ယက္ကန်းရုံပိုင်ရှင်အမျိုးသမီး ၄ ဦးသတ်ခံရ

ဝမ်းတွင်းမြို့တွင် ယက္ကန်းရုံပိုင်ရှင်အမျိုးသမီး ၄ ဦးသတ်ခံရ
ဇန်နဝါရီ 11, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် အမှတ်(၃)ဗဟိုရပ်ရှိ ယက္ကန်းရုံပိုင်ရှင် မိသားစုဝင် (၄)ဦး ယမန်နေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့ ညပိုင်းက အသတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ယက္ကန်းရုံဝင်းအတွင်းရှိ နေအိမ်၌ အမျိုးသမီး (၄)ဦး သေဆုံးနေသည်ကို ယနေ့ ဇန်နဝါရီလ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိပြီးနောက် သေဆုံးသူများမှာ ယက္ကန်းရုံပိုင်ရှင်များဖြစ်သည်ဟု သိရသည်။

“အကြွေးတောင်းတာကစပြီး စကားများကြတာလို့ သိရတယ်။ သတ်တာက သဲတောကန်သာရပ်ကွက်က ကောင်လေးကသတ်တာ။ သူက အဲဒီယက္ကန်းရုံမှာ အလုပ်လုပ်နေတဲ့သူ။ ခေါင်းကိုတူနဲ့ထုပြီးသတ်သွားတာ။ အခုသူကိုယ်တိုင် ဝမ်းတွင်းရဲစခန်းမှာ သွားအဖမ်းခံတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

သေဆုံးနေသူအမျိုးသမီးများမှာ သက်ကြီးပိုင်းနှင့် သက်လတ်ပိုင်းအရွယ်များဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးနေသည်ဟု သိရသည်။

“အကြွေးတောင်းခံရလို့ သတ်လိုက်တာ။ ယက္ကန်းရုံပိုင်ရှင်က အလုပ်သမားတွေကို ငွေကြိုပေးတာရှိတယ်။ သူက(ကောင်လေး)ကြိုယူထားတာရှိတယ်။ ယက္ကန်းရုံက အလုပ်သမားတွေကို (၅)ရက်တစ်ခါ ပိုက်ဆံရှင်းပေးတာမျိုးရှိတယ်။ ငွေမလောက်တော့ ကြိုထုတ်ရင်း များသွားတယ်ထင်တယ်။ နောက်ပြီး အလုပ်ပြန်လုပ်ပေးရမှာကိုလည်း မလုပ်ပေးတာမျိုးထင်တယ်။ အဓိကတော့ အကြွေးတောင်းတာက စဖြစ်တာ။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

အသေးစိတ်အချက်အလက်ကို Tachileik News Agencyက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။

#TachileikNewsAgency