ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများနှင့် ဌာနဆိုင်ရာရုံးများကို ပူးပေါင်းတပ်များ တိုက်ခိုက်

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများနှင့် ဌာနဆိုင်ရာရုံးများကို ပူးပေါင်းတပ်များ တိုက်ခိုက်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးနှင့် ခုတ်ခွါးစခန်းအား စစ်ကူလာသည့် စစ်ကောင်စီတပ်တို့အား တော်လှန်ရေးတပ်များက (၆)ရက်ကြာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ခမရ-၅၅၈ ဒုတပ်ရင်းမှူးဦးစီးသော စစ်ကြောင်း(၂) အခြေပြုနေသည့် ခုတ်ခွါးစစ်စခန်းကို စစ်ကူလာသည့် ခမရ(၅၅၈) တပ်ရင်းမှူးဦးစီးသည့် စစ်ကြောင်း(၁)၊ ခမရ (၄၃၂)တပ်ရင်းစစ်ကြောင်း(၂)နှင့် ရဲစခန်း၊ ဌာနဆိုင်ရာရုံးများကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့မှ (၁၆)ရက်နေ့အထိ ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.Fထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ခုတ်ခွါးစစ်စခန်းအပါအဝင် ကြာအင်းဆိပ်ကြီးမြို့ရှိ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးတို့ ပျက်စီးသွားပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူ ရှိခဲ့ကြောင်း သိရသည်။

အထိနာသော စစ်ကောင်စီတပ်သည် လေယာဉ်များဖြင့် ဗုံးများလာကြဲခြင်း၊ လက်နက်ကြီး (၁၂၀)မမ၊ (၈၁)မမ၊ (၆၀)မမများဖြင့် ပစ်ခတ်ခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ရဲဘော်တစ်ဦး (မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F၊ Cloud Wingsဒရုန်းတပ်ဖွဲ့နှင့် Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F