သူရဦးရွှေမန်း၏ UBP ပါတီကို ဖျက်သိမ်းခွင့်ပြုကြောင်း စကစ၏ UEC က ကြေညာ

သူရဦးရွှေမန်း၏ UBP ပါတီကို ဖျက်သိမ်းခွင့်ပြုကြောင်း စကစ၏ UEC က ကြေညာ
အောက်တိုဘာ 28, 2022 | အခြားဒေသများ

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကနေ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့က စပြီး ပယ်ဖျက်ခွင့်ပြုလိုက်ကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်(UEC)က သတင်းထုတ်ပြန်လာသည်။

 ၂၀၁၉ခုနှစ် ဧပြီလ(၈)ရက်နေ့တွင် စတင်ဖွဲ့စည်းပြီး ဧပြီလ(၂၅)ရက်နေ့၌ ပါတီနိုင်ငံရေးမှတ်ပုံတင်ရရှိခဲ့ကာ  ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် UBP ပါတီကို နိုင်ငံ့အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင် အခက်အခဲများရှိလာခြင်းကြောင့် ပါတီဥက္ကဌ သူရဦးရွှေမန်းကဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

UBP ပါတီကို ဖျက်သိမ်းရခြင်းနှင့် ပတ်သက်၍ ပါတီကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် ခေါင်းဆောင်များမှာ အသက်အရွယ် ကြီးရင့်လာပြီး ကျန်းမာရေးချို့တဲ့သည့်အပြင် လူမှုရေး နှင့် အခြား အခက်အခဲများရှိလာခြင်းကြောင့် ပါတီနိုင်ငံရေး ဆက်လက် လုပ်ကိုင်ရန် ဆန္ဒမရှိကြတော့သည့်အတွက် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်များ၏ သဘောတူညီချက်ဖြင့် ဖျက်သိမ်းရန် ဆုံးဖြတ်ကြခြင်း ဖြစ်ကြောင်း ပါတီ၏ ဥက္ကဌ သူရဦးရွှေမန်းက အကြောင်းပြကာ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။



ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)အား ဖျက်သိမ်းရန် အဆိုပါ ပါတီက ၂၀၂၂ခုနှစ် အောက်တိုဘာလ(၁၁)ရက်နေ့က စပြီး ဖျက်သိမ်းခြင်းကို အတည်ပြုပေးနိုင်ရန် တင်ပြထားသော်လည်း UEC က ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့မှ အစည်းအဝေးပြုလုပ်ကာ ဖျက်သိမ်းခြင်းကို အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

၂၀၂၀ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)သည် မြို့နယ်ပေါင်း (၂၆၁)မြို့နယ်မှ လွှတ်ကိုယ်စားလှယ်ပေါင်း (၉၂၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တိုင်းနှင့်ပြည်နယ်၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်နေရာများတွင် တစ်နေရာမှ အနိုင်ရရှိခဲ့ခြင်းမရှိသည့် ပါတီလည်း ဖြစ်သည်။