စေတီအား တူဖြင့်ထုသည့် MNDAA တပ်သားတစ်ဦးကို အရေးယူမည်ဟု MNDAA ထုတ်ပြန်

စေတီအား တူဖြင့်ထုသည့် MNDAA တပ်သားတစ်ဦးကို အရေးယူမည်ဟု MNDAA ထုတ်ပြန်
ဇန်နဝါရီ 9, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် MNDAA တပ်သားတစ်ဦးမှ စေတီအား တူဖြင့်ရိုက်ထုခြင်းမှာ MNDAAမှ အမိန့်ပေးခြင်းမဟုတ်သဖြင့် သက်ဆိုင်ရာဌာနက အရေးယူအပြစ်ပေးမည်ဖြစ်ကြောင်း MNDAAက ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ(၈)ရက်နေ့က MNDAA စစ်ယူနီဖောင်းဝတ်ဆင်ထားသော လူငယ်တစ်ဦးမှ စေတီတစ်ဆူကို သံတူဖြင့် ထုရိုက်ခဲ့သည့် ရုပ်သံဖိုင်ပျံ့နှံ့လာပြီးနောက် စစ်ကောင်စီလော်ဘီများက ဘာသာရေးမှိုင်းတိုက်လာပြီး လူထုမှပြစ်တင်ရှုတ်ချခြင်းများကြောင့် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

သံတူဖြင့် ဘုရားစေတီတော်ကို ထုရိုက်ခြင်းသည် MNDAAမှ အမိန့်ပေးခြင်းမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရလုပ်ရပ်ဖြစ်ပြီး အဖွဲ့အစည်းအနေဖြင့် လက်အောက်ငယ်သား၏ တပ်စည်းမျဉ်း၊ စည်းကမ်းညံ့ဖျင်းမှုနှင့် အရည်အချင်းမရှိသော လုပ်ဆောင်မှုအတွက် တောင်းပန်သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် MNDAAအဖွဲ့အနေဖြင့် လွတ်လပ်သော ဘာသာရေးကိုးကွယ်မှုကို လေးစားလိုက်နာပြီး ဘာသာရေးများ ဆန့်ကျင်ခြင်းနှင့် ဘာသာရေးအဆောက်အအုံဖျက်ဆီးရန် အမိန့်ပေးခြင်းများမရှိခဲ့ဟုလည်း ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ MNDAAကော်မတီမှ သက်ဆိုင်ရာဌာနကို တာဝန်ပေးထားပြီး တရားခံကို အရေးယူအပြစ်ပေးရန် ညွှန်ကြားထားကာ အရာရှိ၊ စစ်သည်များအနေဖြင့် ဘာသာရေးလွတ်လပ်မှုကိုလေးစားရန်၊ ဘာသာရေးအဆောက်အအုံများကို အလေးထားကာကွယ်ရန်လည်း ညွှန်ကြားထားသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency