ထွက်ပြေး ကျားဖျင့်လုပ်ငန်းများနှင့် ကာကွယ်ပေးနေသော စစ်ကောင်စီတပ်ကို လိုက်လံချေမှုန်းမည်ဟု ညီနောင် ၃ ဖွဲ့ထုတ်ပြန်

ထွက်ပြေး ကျားဖျင့်လုပ်ငန်းများနှင့် ကာကွယ်ပေးနေသော စစ်ကောင်စီတပ်ကို လိုက်လံချေမှုန်းမည်ဟု ညီနောင် ၃ ဖွဲ့ထုတ်ပြန်
ဇန်နဝါရီ 5, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်လုံ၊ ဟိုပန်၊ တာကော်အတ်၊ မန့်မန်းဆိုင်နှင့် မော်ဖဒေသများသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ကျားဖျင့်လုပ်ငန်းများနှင့် ကာကွယ်ပေးနေသည့် စစ်ကောင်စီတပ်များကို လိုက်လံချေမှုန်းမည်ဟု ညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၅)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လက်ဝေခံပြည်သူ့စစ်အချို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အွန်လိုင်းလောင်းကစား (ကျားဖျင့်)လိမ်လည်သူများ၊ စစ်ကောင်စီ၏ အကာအကွယ်ကိုယူပြီး လုပ်စားနေကြသော မူးယစ်ဆေးဝါးရောင်းဝယ်သူများသည် ထွက်ပြေးလွတ်မြောက်နေသည့်  စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ပန်လုံ၊ ဟိုပန်၊ တာကော်အတ်၊ မန့်မန်းဆိုင်နှင့် မော်ဖဒေသများအတွင်း အတူထွက်ပြေးတိမ်းရှောင်ခြင်းတို့အပြင် လက်နက်၊ စစ်အင်အားဖြည့်တင်းခြင်းတို့ကိုပါ လုပ်ဆောင်နေသည်ဟု ဆိုသည်။  

ထို့ကြောင့် ညီနောင်မဟာမိတ်(၃)ဖွဲ့အနေဖြင့် အွန်လိုင်းလောင်းကစား (ကျားဖျင့်)လိမ်လည်သူများကို အကာအကွယ်ထပ်မံပေးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူလူထုအတွက် အန္တရာယ်ကောင်ဖြစ်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်နေကြသူများကို အဆိုပါနေရာများအပြင် အခြားသော ခိုအောင်းနေသည့်နေရာများတွင်ပါ လိုက်လံဖမ်းဆီးခြင်းနှင့် နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများကို ထပ်မံလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားအချို့သည် ဒေသအတွင်းရှိ ရပ်ရွာများအနီးတွင်လည်းကောင်း၊ သိမ်းပိုက်ထားသော စခန်းအနီးအနား ပတ်ဝန်းကျင်များ၌လည်းကောင်း၊ သံလွင်မြစ်ကြောတစ်လျှောက်တွင်လည်းကောင်း အစုလိုက်စုဖွဲ့သည့်ပုံစံမျိုးဖြင့် ပြန့်ကျဲစွာရှိနေသည်ဟု ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီသည် စစ်ရှုံးကာ စွန့်လွှတ်လိုက်ရသောစခန်းများမှ တပ်ဖွဲ့ဝင်အချို့သည် ၎င်းတို့၏ မိခင်အဖွဲ့အစည်းထံ မရောက်ဘဲ  ပုံစံအမျိုးမျိုးဖြင့် နေရာအမျိုးမျိုးတွင် ထွက်ပြေးလွတ်မြောက်နေကြဆဲဖြစ်သည်ဟု ဆိုသည်။ 

၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်သည့် ရက်ပေါင်း (၇၁)ရက်တာကာလအတွင်း စစ်ကောင်စီ၏ ရာချီသော စခန်းများနှင့် မြို့ကြီးအချို့တို့ကို ညီနောင်မဟာမိတ်(၃)ဖွဲ့မှ သိမ်းပိုက်ရယူထားပြီးဖြစ်သည်။

ယနေ့နံနက်ပိုင်းတွင် ဟိုပန်မြို့ရှိ စစ်ကောင်စီတပ်စခန်းများ မဟာမိတ်တပ်များက တိုက်ခိုက်နေသည်။

#TachileikNewsAgency