ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်

ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်
ဖေဖော်ဝါရီ 25, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရာ နှစ်ဖက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသထံမှ သိရသည်။

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့နှင့် (၂၃)ရက်နေ့အထိ ကလေးမြို့နယ်ရှိ စစ်ကောင်စီတပ်များ၏ အခြေပြုစခန်းများဖြစ်သော  ဗိုလ်ကြီးမင်းခန့်ဇင် ဦးစီး ဒကစ(ကလေး) လက်အောက်ခံ အင်အား(၃၀)ဦးရှိ စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတို့မှ စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 



 

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် (၁၅)ဦးသေပြီး တော်လှန်ရေးတပ်များဘက်ကလည်း ရဲဘော်တချို့ ကျဆုံးခဲ့ရသည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ငယ် (၁၀)လက်၊ RPG-7 (၁)လက်၊ (၆၀)မမ ပြောင်းတို (၁)လက်၊ ဗုံးမျိုးစုံ (၉)လုံး၊ ၇၈.၆၂ ကျည် (၃၈၈)တောင့်၊ ၅.၅၆ ကျည် (၆၄၁)တောင့်နှင့် ကျည်အိမ် (၄)ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်စခန်းများကို ကလေးခရိုင်တပ်ရင်းများ၊ အထူးလှုပ်ရှားတပ်ရင်းများ၊ ကလေးခရိုင် မိုင်းတပ်ဖွဲ့၊ ကလေးခရိုင်/မြို့နယ် ပကဖ၊ ကလေးမြို့ပြစီမံချက် (UG)တပ်ဖွဲ့၊ VOKOK (PDF)တပ်ရင်း၊ CNDF TZ Vapual၊ RKDF၊ CDF (KKG)၊ HNB၊ GRF၊ S2UG၊ EFDF၊ TCDF၊ CDF-CDM siyin ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: အမှတ်(၁) စစ်ဒေသ