၁၀၂၇ စစ်ဆင်ရေးမပြီးဆုံးသေးဟု MNDAA စစ်ဦးစီးချုပ်ပြော၊ ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်သား ထောင်ချီဖမ်းဆီးရမိခဲ့ဟုဆို

၁၀၂၇ စစ်ဆင်ရေးမပြီးဆုံးသေးဟု MNDAA စစ်ဦးစီးချုပ်ပြော၊ ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်သား ထောင်ချီဖမ်းဆီးရမိခဲ့ဟုဆို
ဇန်နဝါရီ 2, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၂၅၀ကျော်ကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်သုံ့ပန်း ထောင်ချီဖမ်းဆီးရမိခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)စစ်ဦးစီးချုပ် ဦးဖုန်တဲရင်က နှစ်သစ်ကူး မိန့်ခွန်းတွင်ပြောသည်။

(၆၅)ရက်ကြာပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း MNDAAသည် ကိုးကန့်ဒေသအတွင်း စစ်ကောင်စီ၏ တပ်စခန်းအကြီး၊ အသေးနှင့် အရေးကြီး စစ်ဆေးရေးဂိတ်များ စုစုပေါင်း (၂၅၀)ကျော်ကို သိမ်းပိုက်ရရှိခဲ့သည့်အပြင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကာ စစ်သုံ့ပန်းများလည်း ထောင်နှင့်ချီ ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။  

ထို့ပြင် နယ်စပ်ဂိတ် (၅)ခု သိမ်းပိုက်နိုင်ခဲ့ပြီး ဆိုက်ဘာမှုခင်း လုပ်ဆောင်သောနေရာ (၃၀၀)ကျော်ကို ဖြိုခွဲနိုင်ခဲ့ကာ ဆိုက်ဘာမှုခင်း လုပ်ငန်းရှင် ထောင်ချီကိုလည်း ဖမ်းဆီး၍ တရုတ်နိုင်ငံသို့ လွှဲအပ်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

ကြားကာလတွင် ဆိုက်ဘာမှုခင်းလုပ်ငန်းနှင့်ပတ်သက်သော တရုတ်လူမျိုး(၄၀,၀၀၀)ကျော်ကိုလည်း တရုတ်နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်စေပြီး ပြစ်မှုများ ဝန်ခံစေခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် MNDAAသည် ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်၏ နေရာအများစုနှင့် မုံးကိုးခရိုင်တို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ကိုးကန့်ခရိုင်တွင်မူ လောက်ကိုင် ဒကစ(မီရှင်းကုတ်)နှင့် နန်ထင်းမိန်တောင် စသည့်နေရာများမှလွဲ၍ စော်ဘွားခေတ်ကတည်းက လက်လွတ်ခဲ့ရသော သမိုင်းဝင်နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူလိုက်ခြင်းကြောင့် ပြည်သူလူထုမှ တော်လှန်လာကြရာက စစ်ကောင်စီသည်လည်း ပြည်သူ့ထောက်ခံမှု ကျဆင်းသွားခဲ့ပြီးနောက် ၁၀၂၇ စစ်ဆင်ရေးကို တစ်နိုင်ငံလုံးရှိ ဒီမိုကရေစီလိုလားသူများနှင့် တော်လှန်ရေး အဖွဲ့အစည်းတစ်ရပ်လုံးက အားပေးထောက်ခံခဲ့ကြပြီး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး သမိုင်းရေစီးကြောင်းတစ်လျှောက် မတွေ့မြင်ခဲ့ဖူးသော အောင်မြင်မှုများကို ရရှိနိုင်ခဲ့သည့်အတွက် လွန်စွာအားရ ဝမ်းမြောက်မိသည်ဟု ဆိုသည်။

         

MNDAAသည် ကိုးကန့်‌ဒေသ၏ ဆိုက်ဘာမှုခင်းကို အပြတ်ရှင်းလင်းမည်ဖြစ်ပြီး ကိုးကန့်ဒေသတွင် ဆိုက်ဘာမှုခင်း အမြစ်မပြတ်မချင်း ညီနောင်မဟာမိတ်တပ်ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို လုံးဝရပ်မည်မဟုတ်ဟုလည်း ဆိုသည်။

“၁၀၂၇ စစ်ဆင်ရေးကြီး မပြီးဆုံးသေးပါ။ လောက်ကိုင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့အချို့သည် ဆက်လက် ပေကပ်ခေါင်းမာပြီး တုန့်ပြန်နေဆဲရှိပြီး ဆိုက်ဘာမှုခင်းလုပ်ငန်းရှင်များသည်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့် ရုပ်သေးအဖွဲ့တို့၏ လက်နက်ကိုင်ခြိမ်းခြောက် ချုပ်နှောင်ထားခြင်းကြောင့် တရုတ်နိုင်ငံသို့ ပြန်၍ပြစ်မှုဝန်ခံခြင်း မရှိနိုင်သေးပါ။”ဟု MNDAA စစ်ဦးစီးချုပ်က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့သည် စားပွဲပေါ်တွင် အပြောတစ်မျိုး၊ လက်တွေ့တွင် အလုပ်တစ်မျိုးပုံစံဖြင့် ကိုးကန့်ဒေသကို တိုက်လေယာဉ်ဖြင့် အဆက်မပြတ် လာရောက်ဗုံးကြဲတိုက်ခိုက်နေသည်ဟုလည်း ဆိုသည်။

နိုင်ငံတဝှမ်းရှိ တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ရေးအောင်မြင်မှုများကို ဆက်လက်ရရှိနိုင်ပြီး နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်များကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေကြောင်းနှင့်  မြန်မာနိုင်ငံအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို အမြန်ဆုံးစတင်နိုင်ပြီး ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ပါစေကြောင်း စစ်ဦးစီးချုပ်က ဆုမွန်ကောင်းတောင်းထားသည်။

#TachileikNewsAgency