တရုတ်နိုင်ငံတွင်း လူကုန်ကူးခံရကြောင်း သံရုံးကိုဆက်သွယ်သည့် မြန်မာအမျိုးသမီး (၁၆)ဦးအနက် (၁၁)ဦးကို နေရပ်ပြန်ပို့ထားပြီး (၅)ဦးကျန်ရှိနေ

တရုတ်နိုင်ငံတွင်း လူကုန်ကူးခံရကြောင်း သံရုံးကိုဆက်သွယ်သည့် မြန်မာအမျိုးသမီး (၁၆)ဦးအနက် (၁၁)ဦးကို နေရပ်ပြန်ပို့ထားပြီး (၅)ဦးကျန်ရှိနေ
ဧပြီ 10, 2020
By Tachileik News Agency

တရုတ်နိုင်ငံတွင်း လူကုန်ကူးခံရကြောင်း သံရုံးကို ဆက်သွယ်သည့် မြန်မာအမျိုးသမီး (၁၆)ဦးအနက် (၁၁)ဦးကို နေရပ်ပြန်ပို့ထားပြီး (၅)ဦး ကျန်ရှိနေ

တရုတ်နိုင်ငံသို့ လူကုန်ကူးခံထားရ၍ မြန်မာသံရုံးသို့ ဆက်သွယ်အကူအညီတောင်းလာသည့် အမျိုးသမီး (၄)ဦးကို မူဆယ်နယ်စပ်ဂိတ်နှင့် ချင်းရွှေဟော်ဂိတ်များမှတစ်ဆင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့တွင် မြန်မာသံရုံးက ချိတ်ဆက်လွှဲပြောင်းပေးထားကြောင်း သိရသည်။

လူကုန်ကူးခံထားရကြောင်း တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်အကူအညီတောင်းလာသည့် အမျိုးသမီးဦးရေမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၀ ခုနှစ်၊ မတ်လအထိ စုစုပေါင်း (၁၆)ဦးရှိသည့်အနက် (၇) ဦးမှာ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဟဲနန်ပြည်နယ်သို့ ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီး (၄)ဦးကို (၃)ဦးကို မူဆယ်မြို့ရှီ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ဆက်ဆံရေးအရာရှိရုံးသို့လည်းကောင်း၊ (၁)ဦးကို ချင်းရွှေဟော်ရှိ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၁၇)၊ တပ်ဖွဲ့စိတ်(၂)ချင်းရွှေဟော်သို့လည်းကောင်း ချိတ်ဆက်ပို့ဆောင်ပေးထားကြောင်း သိရသည်။

မြန်မာသံရုံးက အဆက်အသွယ်ရရှိထားပြီး ပြန်လည်ပို့ဆောင်ရန် ကျန်ရှိသူ (၅)ဦးတွင် ကိုယ်ဝန်အရင့်အမာနှင့်ဖြစ်နေ၍ မီးဖွားပြီးမှ ပြန်လည်ပို့ဆောင်ရမည့်သူ (၂)ဦးလည်း ပါဝင်ကြောင်း သိရသည်။

လူကုန်ကူးခံရသူ မြန်မာအမျိုးသမီး (၁၆)ဦးကို ဟဲပေပြည်နယ်၊ ဟဲနန်ပြည်နယ်၊ ရှန်ရှီးပြည်နယ်၊ ရှန်းတုန်းပြည်နယ်၊ အန်းဟွေးပြည်နယ်၊ အတွင်းမွန်ဂိုလီးယားဒေသနှင့် ရှန်ဟိုင်းမြို့များမှနေ၍ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး လူကုန်ကူးခံရသူများသည် အွန်လိုင်းမှ ချစ်ကြိုက်ခဲ့သူများနှင့် လိုက်ပါလာပြီး ရောင်းစားခံရမှုများလည်း ပါဝင်ကြောင်း သိရသည်။

လူကုန်ကူးခံရသူများတွင် မြန်မာအမျိုးသမီးများအပြင် အမျိုးသားများကိုလည်း တွေ့ရပြီး စက်ရုံတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့စေခိုင်းခံရခြင်း၊ လစာမရခြင်းများဖြစ်၍ မြန်မာသံရုံးက မတ်လ (၂)ရက်နေ့တွင် (၁၅)ဦးနှင့် ဧပြီလ (၆)ရက်နေ့တွင် (၂၃)ဦးတို့ကို နေရပ်ပြန်ပို့ပေးထားရကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~