မိုင်းငေါ့မြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း TNLA ထုတ်ပြန်

မိုင်းငေါ့မြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း TNLA ထုတ်ပြန်
ဇန်နဝါရီ 1, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့ကိုလည်း အလုံးစုံထိန်းချုပ်ထားပြီဖြစ်ကြောင်း တာအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထံမှ သိရသည်။

မိုင်းငေါ့မြိုနယ် စစ်ကောင်စီတပ်စခန်းများကို TNLAက ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၃)ရက်အကြာ ဒီဇင်ဘာလ (၃၁)ရက်နေ့ ညပိုင်းတွင် မိုင်းငေါ့မြို့ရှိ စစ်ကောင်စီတပ်စခန်း ဗျုဟာကုန်းအပါအဝင် ၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ အလုံးစုံကို သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။ 

မိုင်းငေါ့မြို့သည် စစ်ကောင်စီတပ်မ(၁၀၁)လက်အောက်ခံ ခလရ(၂၅၃)၊ ခလရ(၂၃၅)တို့မှ လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် ဒေသဖြစ်ပြီး TNLAက တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဘက်မှ Jet Fighterဖြင့် (၅)ကြိမ်၊ Y12 လေယာဥ်ဖြင့် (၁၉)ကြိမ် အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့အပြင် မိုင်းငေါ့မြိုတိုက်ပွဲအတွင်း စစ်ကောင်စီ မိုင်းငေါ့တပ်စခန်းမှ လက်နက်ကြီးဖြင့် (၃၀)ကြိမ်ထက်မနည်း မိုင်းငေါ့မြို့နယ် ပတ်ဝန်းကျင်နှင့် မိုင်းငေါ့မြိုတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ် ကျောက်မဲတပ်စခန်းမှလည်း မိုင်းငေါ့မြို့ကို လက်နက်ကြီးဖြင့် (၁၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ Mi17ထောက်ပို့ယာဥ်ဖြင့် စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းများ (၃)ကြိမ် မိုင်းငေါ့တပ် စခန်းကုန်းတွင်းသို့ တိုက်ပွဲမဖြစ်ပွားခင် လာရောက်ပို့သွားသည်ဟုလည်း ဆိုသည်။ 

မိုင်းငေါ့မြို စခန်းသိမ်းတိုက်ပွဲ (၃)ရက်ကြာကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၂၄)ကြိမ်၊ ဗုံးကြဲချမှုအကြိမ်ပေါင်း (၁၀၃)ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု(၄၅)ကြိမ်ထက်မနည်း အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုင်းငေါ့မြိုနယ် ဒေသခံ (၂)ဦး သေဆုံးခဲ့ပြီး (၅)ဦး ဒဏ်ရာရရှိကာ ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ လူနေအိမ် (၁၄)လုံး ပျက်စီးပြီး အိမ် (၅)လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်သုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟုလည်း သိရသည်။ 

ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့အထိ TNLAသည် နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းလုံမြို့တို့ကို သိမ်းပိုက်ခဲ့ပြီးနောက် မိုင်းငေါ့မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News