လောင်းလုံးမြို့နယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး အရပ်သားတစ်ဦး ခေါင်းဖြတ်သတ်ခံရ၊ ဖမ်းဆီးခံရသူများရှိကာ နေအိမ်များကိုမီးရှို့ 

လောင်းလုံးမြို့နယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး အရပ်သားတစ်ဦး ခေါင်းဖြတ်သတ်ခံရ၊ ဖမ်းဆီးခံရသူများရှိကာ နေအိမ်များကိုမီးရှို့ 

တနင်္သာရီတိုင်း လောင်းလုံမြို့ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က ကျေးရွာများကို မွှေနှောက်မီးရှို့ဖျက်ဆီးပြီး အရပ်သားများကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများသည် ဒီဇင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ (၅)ရက်ကြာ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတချို့ကို စစ်ကြောင်းထိုးပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း Democracy Movement Strike Committe-Dawei ထံမှ သိရသည်။

အင်အား(၁၅၀)ဝန်းကျင်ရှိ စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် ကုန်လမ်း၊ ရေလမ်းကတဆင့် ဝေဒီကျေးရွာ၊ ကညုံကျွန်းကျေးရွာ၊ ပြင်းထိန်ရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံများအား ဖမ်းဆီးခြင်း၊ နေအိမ်များကို ဖျက်ဆီးဝင်ရောက် ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် အဆိုပါစစ်ကောင်စီတပ်သားများသည် စစ်ပြဲကျေးရွာ၊ လေးသွန်းခံကျေးရွာတို့ကို ရောက်ရှိလာပြီး နေအိမ်(၁၀)လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ရွာခံတချို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်သားများသည် အသက်(၃၀)ဝန်းကျင် စစ်ပြဲရွာခံ အမျိုးသားတဦးကို ဦးခေါင်းဖြတ်သတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာလ (၂၉)ရက်နေ့နှင့် (၃၀)ရက်နေ့တို့တွင် ဂေါ့အင်း၊ ပိန္နဲတော၊ အောက်ရေဖြူ၊ ကဒက်ငယ်ထိန် စသည့်ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ယနေ့ ဒီဇင်ဘာလ (၃၁)ရက်နေ့ နံနက်ပိုင်းတွင် ကဒက်ကြီးကျေးရွာနှင့် အနီးတဝိုက်တွင် စစ်ကြောင်း ထိုးနေကြောင်း သိရသည်။

#TachileikNewsAgency

Photo: Democracy Movement Strike Committee-Dawei