ရဲနှင့် စစ်ကောင်စီတပ်သား (၁၀)ဦး CDF(ပလက်ဝ)ထံ အလင်း 

  ရဲနှင့် စစ်ကောင်စီတပ်သား (၁၀)ဦး CDF(ပလက်ဝ)ထံ အလင်း 

 ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲ (၁၀)ဦး အလင်းဝင်လာကြောင်း Chinland Defense Force- Paletwa ထံမှ သိရသည်။

ပလက်ဝခရိုင် ရှင်းလက်ဝကျေးရွာရှိ စစ်ကောင်စီ အခြေစိုက် ဗျူဟာ(၃)၊ ခလရ(၂၉၉)မှ ရဲဘော်ကျော်ထက်ဝေနှင့် ဒုတပ်ကြပ် နိုင်လင်းအောင်တို့ (၂)ဦးသည် ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့က အလင်းဝင်လာခြင်းဖြစ်ပြီး  ရှင်းလက်ဝရဲစခန်းတွင် တာဝန်ကျနေသော ဒေသခံရဲတပ်ဖွဲ့ဝင် (၈)ဦးတို့သည်လည်း ဒီဇင်ဘာလ(၈)ရက်နေ့က အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ခိုလှုံသော စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း(၁၀)ဦးကို ဘေးကင်းလုံခြုံသည့်နေရာသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပလက်ဝမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေလမ်းရှိ မြို့အဝင်အထွက် လမ်းများကို ပိတ်ဆို့ နေသည်ဟု ဆိုသည်။

ပလက်၀မြို့နယ်ရှိ စစ်ကောင်စီတပ်၏ တရွန်အိုင်ဗျူဟာကို ရက္ခိုင့် တပ်တော်က ပြီးခဲ့သည့်ရက်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီးနောက် နှုံးဘူးဗျူဟာကို ဆက်လက်တိုက်ခိုက်နေသည်။