မန်တုံမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲခြင်းကြောင့် နေအိမ်(၁၅)လုံးပျက်စီး၊ ကွတ်ခိုင်တွင် အရပ်သားတစ်ဦးသေ နှစ်ဦးဒဏ်ရာရ 

မန်တုံမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲခြင်းကြောင့် နေအိမ်(၁၅)လုံးပျက်စီး၊ ကွတ်ခိုင်တွင် အရပ်သားတစ်ဦးသေ နှစ်ဦးဒဏ်ရာရ 
ဒီဇင်ဘာ 23, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကြောင့် နေအိမ်(၁၅)လုံး ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မန်တုံမြို့နယ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၉)ရက်နေ့မှ ဒီဇင်ဘာလ (၂၂)ရက်နေ့အထိ ဂျက်ဖိုက်တာဖြင့် (၁၃)ကြိမ်၊ Y12 လေယာဉ်ဖြင့် (၄၈)ကြိမ်၊ စစ်ကောင်စီ၏ (၁၃၀)တပ်စခန်းမှ လက်နက်ကြီးဖြင့် အကြိမ်(၃၀)ကျော် ပစ်ခတ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်တုံမြို့ရှိ ဒုက္ခသည်စခန်း၊ လွယ်ကန်ကျေးရွာ၊ မန်တုံမြို့တွင်းနှင့် အနီးတဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။



 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လွယ်ကန်ကျေးရွာ မန်တုံမြို့နှင့်ဒုက္ခသည်စခန်းရှိ မီးတိုင်များ ကျိုးကျပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးမီးလောင်ကာ ဘုန်းတော်ကြီးကျောင်းအပါအဝင် ဒေသခံနေအိမ် (၁၅)လုံး ထိခိုက်ပျက်စီးသွားခဲ့သည့်အပြင် မန်တုံမြို့ရှိ မြို့ခံအမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

ကွတ်ခိုင်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်က ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် လွယ်ပယ်စုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ မိုင်းအလေဝ်း အသက် (၂၅)နှစ် သေဆုံးခဲ့ပြီး လွေးအိုဆွေ အသက်(၂၄)နှစ်နှင့် ဟိုကျန့်ရွာခံ ဦးအိုက်ကမ် အသက်(၅၅)နှစ်တို့ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ထံမှ သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News