တာချီလိတ်မြို့ရှိ ကြံ့ဖွံ့ပါတီရုံးအနီး လုယက်မှု ဖြစ်ပွား

တာချီလိတ်မြို့ရှိ ကြံ့ဖွံ့ပါတီရုံးအနီး လုယက်မှု ဖြစ်ပွား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ်ရှိ ကြံ့ဖွံ့ပါတီရုံးအနီးတွင် အမျိုးသမီးတစ်ဦး လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်အတွင်း ကြံ့ဖွံ့ပါတီရုံး (   ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ - USDP )အနီးတွင် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၂၂)ရက်နေ့ ည(၆)နာရီ (၁၅)မိနစ်ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"လမ်းလျှောက်နေတဲ့ ကောင်မလေးဆီက ပိုက်ဆံအိတ်ကို ဆိုင်ကယ်စီးလာတဲ့ အမျိုးသား(၂)ဦးက လုပြေးသွားတယ်။ လုခံရတဲ့ နေရာက ကျွန်တော်တို့  ပြည်ခိုင်ဖြိုးပါတီရုံးအနောက်ဘက် တခါက ဗုံးကွဲခဲ့ဖူးတဲ့ နေရာနားမှာ ဖြစ်တာ။ ပါတီရုံးထဲကို ရဲတွေ  ဝင်လာကြပြီး မေးမြန်းတာတော့ ရှိတယ်။ ကျန်တာတော့ ထူးခြားမှု မရှိဘူး။ တာချီလိတ်မှာက ပြည်မထဲက ရောက်လာတဲ့သူများလာပြီးမှ အခုလိုတွေ တောက်လျှောက် ဖြစ်နေတာ။ အရင်က အခုလိုတွေ တောက်လျှောက်မဖြစ်ဘူး"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

လုယက်သူ တရားခံများနှင့် ပတ်သက်ပြီး တာချီလိတ်မြို့တွင် လူ့အသက်အန္တရာယ်ကို သေစေသည်အထိ ပြုလုပ်ပြီး လုယက်မှု အနည်းဆုံး (၁၀)ကြိမ်  လုပ်ဆောင်ခဲ့ကြသည့် လူငယ်တစ်စု နှင့် ဓါးထောက်ပြီး လုယက်သူ တစ်စုကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ၏ ပထမပတ်နှင့်ဒုတိယပတ်အတွင်းက ဖမ်းဆီးရမိထားသော်လည်း တာချီလိတ်ရဲတပ်ဖွဲ့အနေဖြင့် လုယက်ပစ္စည်းများ ပြန်လည်ဝယ်ယူသူနှင့် ကွင်းဆက်တရားခံများကို ဆက်လက် ဖမ်းဆီးအရေးယူခြင်းမရှိဘဲ ငွေကြေးရယူ ညှိနှိုင်းကာ လျှို့ဝှက်ပေးထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။

တာချီလိတ်မြို့တွင် အသက်အန္တရာယ်ပြုပြီး ခိုးဆိုးလုယက်သည့် ဖြစ်စဉ်နှင့် ဆိုင်ကယ် ခိုးမှုများမှာ နေ့စဉ်နီးပါး ဖြစ်ပွားနေသော်လည်း တာချီလိတ်ရဲတပ်ဖွဲ့အနေဖြင့် ထိထိရောက်ရောက် ရှာဖွေ ဖမ်းဆီးမှုများကို မလုပ်ဆောင်ဘဲ  လောင်းကစားလုပ်ငန်းများထံကနေသာ လစဉ် ဆက်ကြေးကောက်ခံပြီး ခွဲတမ်းရယူခြင်းကိသာ စိတ်ဝင်စားကြသည်ဟု ဒေသခံများက ဆိုသည်။