မန္တလေးတွင် မတရားဖမ်းဆီးခံထားရသည့် သပိတ်တက်ကြွလူငယ်တစ်ဦး (၁)လကြာသည်အထိ အဆက်အသွယ်မရသေး

မန္တလေးတွင် မတရားဖမ်းဆီးခံထားရသည့် သပိတ်တက်ကြွလူငယ်တစ်ဦး (၁)လကြာသည်အထိ အဆက်အသွယ်မရသေး
ဧပြီ 28, 2022 | အခြားဒေသများ

 မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခံခဲ့ရသည့် သပိတ်တက်ကြွလူငယ်တစ်ဦးဖြစ်သူ Felix(ခ)ကျော်စွာဝင်းသည် (၁)လကြာမြင့်သည်အထိ မိသားစုနှင့်အဆက်သွယ်မရရှိသေးကြောင်း မန္တလေးသပိတ်အင်အားစုက ဧပြီလ(၂၇)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကိုကျော်စွာဝင်း ကို လက်ရှိအချိန်ထိ မည်သည့်နေရာ၌ ဖမ်းဆီး ထိန်းသိမ်းထားသည်ကိုလည်း မသိရှိရသေး၍  ၎င်း၏ ကျန်းမာရေးနှင့်အသက်အန္တရယ်ကို မိသားစုဝင်များအနေဖြင့် လွန်စွာစိုးရိမ် ပူပန်နေလျှက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုကျော်စွာဝင်းသည် အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံရချိန်ထိ ကျန်းမာရေး ဒေါင်ဒေါင်မြည် ကောင်းမွန်သည့် လူငယ်ဖြစ်ပြီး  ဖမ်းဆီးခံရပြီးနောက် အာဏာသိမ်းစစ်အုပ်စု၏  လူမဆန်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်း ညှင်းပန်းနှိပ်စက်မှုများကြောင့် အသက်အန္တရာယ် ထိခိုက်နစ်နာမှုများရှိလာမည်ကို စိုးရိမ်ကြောင်း ဖော်ပြထားသည်။

"သပိတ်ထဲက CJ တွေရော လူငယ်တွေရော အကုန်လုံးနီးပါး မရှိတော့ဘူး။ ကလေးတွေ အဖမ်းခံထားရပြီ။ စစ်ကြောရေးမှာပဲ  ရှိသေးလား  အသက်ရော ရှိကြသေးရဲ့လားမသိတော့ဘူး"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

စစ်အုပ်စုက ဖမ်းဆီးပြီးနောက် အဆက်အသွယ်ပြတ်တောက်နေသည့် လူငယ်(၃၀)ဝန်းကျင် အထိရှိပြီး မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်မှာ လည်း စစ်တပ်ကဖမ်းဆီးပြီး သုံးလကျော်ကြာသည် အထိ အဆက်အသွယ်မရ ဖြစ်နေသလို ဗကသကျောင်းသူ မအေးနန္ဒာစိုးမှာလည်း (၇)လကျော်ကြာသည်အထိ မိသားစုနှင့်အဆက်အသွယ်မရဖြစ်နေကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

#TachileikNewsAgency