နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲ အရပ်သားများ သေဆုံးပြီး နေအိမ် ၃၀ နီးပါးပျက်စီး

နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲ အရပ်သားများ သေဆုံးပြီး နေအိမ် ၃၀ နီးပါးပျက်စီး
ဒီဇင်ဘာ 15, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၌ ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့နှင့် ယနေ့ ဒီဇင်ဘာလ (၁၅)ရက်နေ့တို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဒေသခံနေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း TNLAထံမှ သိရသည်။

 

ယမန်နေ့ည (၁၁)နာရီအချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအား လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ဦးဖိုးညွန့်၊ ဦးအိုက်ထုံး၊ ဦးခမ်းကျော်၊ ဦးထွန်းရင်တို့၏ နေအိမ် (၄)လုံး ထိမှန်မီးလောင်ခဲ့ပြီး အသက်(၇၀)ကျော်အရွယ် အဖိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့သည်ဟု သိရသည်။



 

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင် ငွန်ဆိုင်းကျေးရွာနှင့် နမ့်ဆန်မြို့အတွင်းသို့ လေကြောင်းဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဦးကံစိုး၊ ဦးထွန်းသိန်း၊ ဒေါ်ရွေယုံတို့၏ နေအိမ်(၃)လုံးနှင့် ငွန်ဆိုင်းရွာ အ.မ.က ကျောင်းနှင့် ဦးချိုတူး (စံပယ်ဦးဈေးဆိုင်)တို့ မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

 

နေ့လယ်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခဲ့ပြီး နမ့်ဆန်မြို့ စစ်ကောင်စီတပ်၏ လက်ဖက်အချိုခြောက်စက်ရုံ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။



 

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၂)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် နမ့်ဆန်မြို့ နမ့်မဝေါရပ်ကွက်တွင် နေထိုင်သူ ဦးကျော်ဌေးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား(၃)ဦးသေဆုံးပြီး နေအိမ်(၃၀)နီးပါး ထိခိုက်ပျက်စီးထားသည်။

#TachileikNewsAgency

Photo: PSLF/TNLA News