တကောင်းတိုက်နယ် ပေါ်တော်မူကျေးရွာအနီး အာဏာသိမ်းစစ်အုပ်စု၏ တပ်ကို ကြားဖြတ်တိုက်ခိုက်၊ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က (၁၀)ဦး သေဆုံး

Photo: တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
Photo: တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
တကောင်းတိုက်နယ် ပေါ်တော်မူကျေးရွာအနီး အာဏာသိမ်းစစ်အုပ်စု၏ တပ်ကို ကြားဖြတ်တိုက်ခိုက်၊ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က (၁၀)ဦး သေဆုံး
ဖေဖော်ဝါရီ 17, 2023 | 2021 Military Coup| အခြားဒေသများ

 မန္တလေးတိုင်းအတွင်း သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ် ပေါ်တော်မှုကျေးရွာအနီးတွင် အာဏာသိမ်းစစ်အုပ်စု၏တပ်အား တိုက်ခိုက်ရာ  စစ်အုပ်စုဘက်က (၁၀)ဦးသေဆုံးကာ (၆)ဦး ဒဏ်ရာရသွားကြောင်း တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မြတောင်အထက်တိုက်ပွဲကနေ အထိနာပြီး ပြန်လာသည့် အာဏာသိမ်းစစ်အုပ်စု၏တပ် အင်အား (၁၀၀)ဝန်းကျင်ပါ (၆)ဘီးကား (၃)စီးအား  ရှေ့ထွက်မိုင်း(၃)လုံး ပဒေသာမိုင်း (၂)လုံးဖြင့် ယနေ့  ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့၏ နံနက် (၅)နာရီ မိနစ်(၂၀)အချိန်က  စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်အုပ်စုဘက်က စစ်ကား (၃)စီးအနက် (၁)စီးထိမှန်ပြီး အထိနာ၊ အပျက်အစီးများသောကြောင့် မိနစ်(၃၀)ခန့်အကြာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပြီး ရမ်းသမ်းပစ်ခတ်သွားခဲ့ပြီး ချက်ချင်းပင် တကောင်းမြို့တွင်းမှ ဖိုးဝှီးကားများ လူနာတင်ယာဉ်များဖြင့် ထိနာသေဆုံးသွားသော စစ်ကောင်စီတပ်သားများကို ခေါ်ဆောင်သွားသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ခိုက်ခံရသည့် စစ်အုပ်စု၏ တပ်သားများသည် တပ်မ (၈၈)မှ တပ်သားများဖြစ်ကြပြီး စစ်‌ကိုင်းတိုင်း ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်ရှိ ရွာများအား ရွာစဉ် မီးရှို့စစ်ကြောင်းထိုး‌  နေခြင်းဖြစ်ပြီး ကသာ PDF တပ်ရင်း(၃)၊ နယ်မြေခံပကဖများနှင့် ထိတွေ့မှုဖြစ်ကာ အထိနာပြီး  မန်းလေးဘက်ကို ဆင်းလာသော စစ်အုပ်စု ယာဉ်တန်းဖြစ်သည်ဟု သိရသည်။

ပြည်သူများအနေဖြင့် သတ်မှတ်အချိန်အတွင်းသာလျှင် ကားလမ်း အသုံးပြုပေးကြရန်၊ မစ်ရှင်ပြုလုပ်ထားသော နေရာတဝိုက်ကို အသွားအလာ ဆင်ခြင်ပေးကြပါရန်နှင့် ထိခိုက်မှု တစ်စုံတစ်ရာ အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေထိဖြစ်နိုင်၍ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက် ပူးပေါင်းပေးပါရန်တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  မေတ္တာရပ်ခံကာ ထပ်မံတိုက်တွန်းထားသည်။

#TachileikNewsAgency