မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းကို ညီနောင်မဟာမိတ်(၃)ဖွဲ့က ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်က လေကြောင်း ၊ လက်နက်ကြီးပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်နေ 

မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းကို ညီနောင်မဟာမိတ်(၃)ဖွဲ့က ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်က လေကြောင်း ၊ လက်နက်ကြီးပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်နေ 
ဒီဇင်ဘာ 15, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးစခန်းရှိ စစ်ကောင်စီတပ်၏ ဗျူဟာစခန်းကုန်းကို  ညီနောင်မဟာမိတ်(၃)ဖွဲ့က ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့ ညပိုင်းတွင် တိုက်ခိုက်ထိန်းချုပ်ထားသဖြင့် စစ်ကောင်စီတပ်က ယနေ့ ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ပြန်လည်တိုက်ခိုက်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်၏ အဆိုပါ ဗျူဟာကုန်းကို ထိန်းချုပ်ထားနိုင်ကြောင်း TNLAဘက်က အတည်မပြုပေးသေးသော်လည်း ဒေသခံများ၏ ပြောဆိုချက်အရ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၇)ရက်နေ့ကစတင်ကာ ညီနောင်မဟာမိတ်(၃)ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေရာက ယမန်နေ့ ညပိုင်းတွင် ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်ဟု Tachileik News Agencyကိုပြောသည်။

မူဆယ် ၁၀၅ မိုင်တပ်စခန်းတိုက်ပွဲကို စစ်ကောင်စီတပ်က Jet Fighterနှင့် (၁၁)ကြိမ်၊ Mi35 ရဟတ်ယာဥ်နှင့် (၂)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အတွဲလိုက် ဒုံးကျည်နှင့် (၃)ကြိမ် (၁၂)လုံးအထိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLAက ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ တိုက်လေယာဉ်၊ လက်နက်ကြီးပစ်ကူများကြောင့် အရပ်သားနေအိမ်များသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ်များပျက်စီးကာ အရပ်သားများလည်း ထိခိုက်သေဆုံးမှုများရှိသည်ဟု သိရသည်။ စစ်ကောင်စီတပ် လော်ဘီချန်နယ်များတွင်လည်း မူဆယ် ၁၀၅ မိုင်စစ်ကောင်စီတပ်၏ ဗျူဟာစခန်းကျသွားသဖြင့် လေကြောင်း၊ လက်နက်ကြီးပစ်ကူဖြင့် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဖော်ပြနေသည်။

#TachileikNewsAgency