တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေးရှိ ဖုန်းဆက်စပ်ပစ္စည်းအရောင်းဆိုင် မီးလောင်မှု ဖြစ်ပွား

တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေးရှိ ဖုန်းဆက်စပ်ပစ္စည်းအရောင်းဆိုင် မီးလောင်မှု ဖြစ်ပွား
ဇန်နဝါရီ 7, 2020
By Tachileik News Agency

တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေးရှိ ဖုန်းဆက်စပ်ပစ္စည်းအရောင်းဆိုင် မီးလောင်မှု ဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြို့မ(ဝမ်ကောင်း)ဈေးအဝင် ဖုန်းကာဗာနှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင်တွင် ဂျပ်ပုံးအတွင်း ခြင်ဆေးထွန်းထားရာမှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့ ည (၆)နာရီကျော်ဝန်းကျင်က မီးလောင်မှုဖြစ်ပွားသည်။

“ဈေးစဖွင့်စတုန်းက ဆိုင်ခန်းတိုင်း မီးသတ်ဆေးဘူးထားဖို့ပဲ။ ခုတော့ ဆိုင်ခန်း နှစ်ခန်းကျော်လောက်မှာ မီးသတ်ဆေးဘူး နစ်ဘူးနှုန်း ဆောင်ထားပါတယ်။ မီးဘေးအန္တရာယ်က ဒီလောက်ပဲဖြစ်တာ အရမ်းကံကောင်းတယ်။  ဈေးကော်မတီနဲ့ စည်ပင်သာယာရေးဌာနတို့ ပူးပေါင်းပြီး ကြပ်ကြပ်မတ်မတ်လုပ်ဖို့ အချက်ပေးလိုက်တာပေါ့။ ဒီလောက်ပဲဖြစ်တာ ကံကောင်းတယ်။ ဈေးအတွင်းထဲမှာသာ ဖြစ်ခဲ့ရင် မတွေးဝံ့စရာပဲ” ဟု မြို့မဈေးကော်မတီဥက္ကဌ ဦးဇော်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ဈေးဆိုင်ခန်း မီးလောင်ကျွမ်းကြောင်းသတင်းအရ ခရိုင်မီးသတ်တပ်ဖွဲ့က ည(၆)နာရီတွင် သတင်းရသဖြင့် မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး မီးသတ်ယာဉ် (၂)စီးဖြင့် သွားရောက်ငြှိမ်းသတ်ရာ အနီးပတ်ဝန်းကျင်များနှင့်အတူ စုပေါင်းပါဝင်မှုကြောင့် (၅)မိနစ်ဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့အပြင် စည်ပင်သာယာရေးဌာန၊ ဈေးကော်မတီနှင့် အခြားတာဝန်ရှိသူများလည်း ရောက်ရှိလာကြသည်ကို တွေ့ရသည်။

မီးလောင်မှုကြောင့် ဆိုင်အတွင်းမှ ဖုန်းကာဗာများ မီးလောင်ပျက်စီးသွားပြီး ဆိုင်ရှင်ဖြစ်သူကို အရေးယူရန် စီစဉ်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~