ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ကျဉ်းတစ်ဦးထပ်မံသေဆုံး

ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ကျဉ်းတစ်ဦးထပ်မံသေဆုံး
ဇန်နဝါရီ 16, 2024 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် ထပ်မံသေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးအောင်သည် လေထိုး‌လေအောင့်သည့် ရောဂါမသက်သာသည့်အတွက် ယမန်နေ့ ည (၁၀)နာရီခန့်တွင် ထောင်ဆေးရုံသို့ ဆေးကုသမှုပေးရန် အကျဉ်း‌ထောင်အဆောင်မှတဆင့် ခေါ်ဆောင်ပြီးနောက် ထောင်ဆေးရုံတွင် ဆေးရုံအုပ် အနားယူနေသည့်အတွက် တာဝန်ကျသွားဆရာဝန်မှ စစ်ဆေးရာ မသက်သာသည့်အတွက် ဆေးတစ်လုံး ထိုးပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဆေးထိုးပြီးနောက် သက်သာသွားသော်လည်း တစ်နာရီခန့်အကြာတွင် ပါးစပ်မှအမြုပ်များထွက်၍ မေ့လဲသွားခဲ့ကြောင်း၊ ထိုအချိန်မှသာ ထောင်ဆေးရုံအုပ် အရေးပေါ်ရောက်လာပြီး အသက်ကယ်ဆေး(၂)လုံး ထိုးပေးခဲ့ပြီး အရေးပေါ်အောက်‌စီဂျင်တပ်၍ ယနေ့ ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် ပြင်ပဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးခဲ့ရကြောင်း သိရသည်။ 

အသက် (၃၁)နှစ်အရွယ် ကိုပြည့်ဖြိုးအောင်သည် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဇာတိဖြစ်ပြီး မီးသတ် CDMဝန်ထမ်းတစ်ဦးလည်းဖြစ်ကာ ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သံလွင်တံတားထိပ်၌ ဖမ်းဆီးခြင်းခံခဲ့ရသည်။

ထို့နောက် ပုဒ်မ၅၂(က)ဖြင့် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် ထောင်ဒဏ်(၇)နှစ်ချမှတ်ခံရပြီး ဘားအံထောင်(တောင်ကလေးထောင်)တွင် မေလအထိ နေထိုင်ခဲ့ရကာ မွန်ပြည်နယ် ကျိုက်မရောထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသူဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့ကလည်း ကျိုက်မရောအကျဉ်းထောင်တွင် ပုဒ်မ ၅၄/၅၂(က)တို့ဖြင့် ထောင်ဒဏ် တစ်သက်ချမှတ်ခံထားရသူ အသက်(၄၃)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုရာရှင်(ခ)ဟာရှင်သည် စစ်ကြောရေးတွင် ရိုက်နှက်နှိပ်စက်ခံခဲ့ရပြီး အတွင်းကြေဒဏ်ရာများကြောင့် သေဆုံးခဲ့ရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ကောက်ယူရရှိထားသည့် စာရင်းများတွင်လည်း ၂၀၂၃ ခုနှစ်အတွင်း ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာမရရှိခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ (၁၇)ဦး အကျဉ်းထောင်အတွင်း သေဆုံးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency