မကွေးမြို့ရှိ အာဏာသိမ်းစစ်တပ်၏ လေတပ်စခန်းမှ  တိုက်လေယာဉ် (၆)စီး ယနေ့ တစ်နေ့အတွင်း (၃)ကြိမ် ဆင်းတက်

မကွေးမြို့ရှိ အာဏာသိမ်းစစ်တပ်၏ လေတပ်စခန်းမှ  တိုက်လေယာဉ် (၆)စီး ယနေ့ တစ်နေ့အတွင်း (၃)ကြိမ် ဆင်းတက်
ဒီဇင်ဘာ 3, 2021 | အခြားဒေသများ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ အာဏာသိမ်းစစ်တပ်၏ လေတပ်စခန်းမှ ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့ နေ့ဝက်အချိန်အတွင်း တစ်ပြိုင်တည်း တိုက်လေယာဉ် (၆)စီး ပျံသန်းနေသည်မှာ (၃)ကြိမ်ရှိနေပြီဖြစ်ကြောင်း သိရသည်။

 ၃ ရက်လောက်ရှိပြီ။ တိုက်လေယာဉ်တွေပျံနေတာ နိမ့်နိမ့်လေးတွေ။ အရင်ကဆို အသံပဲကြားရတာ။ အခုက နိမ့်နိမ့်လေးတွေ ပျံနေတာ။ ပထမနေ့နဲ့ ဒုတိယနေ့မှာ လေးစီးပူး ပျံလုပ်တာ။ ဒီနေ့ကျတော့ ခြောက်စီးပူးပျံတာ။ ခုတလော အင်အားတွေလည်း တိုးချထားတာ တွေ့ရတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

မကွေးရှိ လေတပ်တွင်းမှ ယမန်နေ့တွင်လည်း တိုက်လေယာဉ် တစ်ပြိုင်တည်း (၄)စီးပျံသန်းမှု (၆) ကြိမ်ပြုလုပ်ခဲ့ပြီး ယနေ့တွင် တစ်ပြိုင်တည်း (၆)စီးပျံသန်းမှုကို နံနက် (၇) နာရီခွဲတွင် တစ်ကြိမ်၊ နံနက် (၈)နာရီတွင် တစ်ကြိမ်၊ နံနက် (၉) နာရီတွင်တစ်ကြိမ်နှင့် နံနက် (၁၁)နာရီတွင် တစ်ကြိမ် မြင်တွေ့ကြရကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းစစ်တပ်သည် အာဏာသိမ်းမှုကို အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ပြန်လည်ခုခံတော်လှန်နေကြသည့် ပြည်သူ့တော်လှန်ရေးအဖွဲ့ငယ်များနှင့် တိုက်ခိုက်မှုအပြင် အဆိုပါအဖွဲ့ငယ်များ ရှိနိုင်ဖွယ်ရှိသည်ဟု ယူဆသည့် ကျေးရွာများကိုပါ လေကြောင်းမှ ပစ်ခတ်မှုများကို လုပ်နေခြင်းဖြစ်သည်။

မကွေးလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းသည့် တိုက်လေယာဉ် (၂)စီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့က ပျက်ကျခဲ့ဖူးစဉ်က လူနေအိမ်ပေါ်ကျကာ (၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရဖူးသဖြင့် တိုက်လေယာဉ်များ အိမ်ခေါင်မိုးပေါ် ခပ်နိမ့်နိမ့်မှ ပျံသန်းနေသည်ကို လေတပ်အနီး ကျေးရွာများမှ ဒေသခံများမှာ ကြောက်လန့်နေကြရကြောင်း သိရသည်။