ကွတ်ခိုင်ရှိ စစ်ကောင်စီတပ်စခန်း TNLA သိမ်း၊ သုံ့ပန်း ၇ ဦးမိကာ လက်နက်ကြီးအပါဝင် ၅၇ လက် သိမ်းဆည်းရရှိ

ကွတ်ခိုင်ရှိ စစ်ကောင်စီတပ်စခန်း TNLA သိမ်း၊ သုံ့ပန်း ၇ ဦးမိကာ လက်နက်ကြီးအပါဝင် ၅၇ လက် သိမ်းဆည်းရရှိ
ဒီဇင်ဘာ 11, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့၊ မြို့သစ်ရက်ကွက်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ ပူးပေါင်းတပ်စွဲထားသည့် တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့ ညပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတပ်စခန်းအတွင်းမှ စစ်သုံ့ပန်း(၇)ဦး၊ (၆၀၊ ၈၀)မမ လက်နက်ကြီးများ အပါအဝင်၊ ပစ္စတို(၂)လက်၊ လက်နက် (၅၈)လက်နှင့် စစ်သုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ် စစ်ကောင်စီစခန်းသစ်ကုန်းဘက်တွင်လည်း ယမန်နေ့ညတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် (၄)ကြိမ် လာရောက်ပစ်ကူပေးခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ပေါင် (၅၀၀)ဗုံးဖြင့် (၂)ကြိမ်၊ တိုက်လေယာဉ်ဖြင့် (၂)ကြိမ်၊ နေ့လယ်ပိုင်းတွင် Y12 လေယာဥ်ဖြင့် ဗုံး(၁၆)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့နှင့် ယနေ့တွင်လည်း နမ့်ဆန်မြို့နှင့် လားရှိုးမြို့အနီးရှိ စစ်ကောင်စီတပ်စခန်း (၄)ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က (၁၂)နာရီအတွင်း သိမ်းပိုက်လိုက်သည်။

ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့ နေ့လယ်ပိုင်းတွင် နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာအထက်က စစ်ကောင်စီတပ်၏ ကဒိုင်းဖူးတပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး ည(၈)နာရီခွဲတွင် လားရှိုးမြို့အနီးရှိ စစ်ကောင်စီတပ်၏ အီနိုင်းတပ်စခန်းကို ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ယနေ့ ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက်(၃)နာရီခွဲတွင် နမ့်ဆန်မြို့အတွင်းထိ TNLA တပ်များ ဝင်ရောက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ ရဲစခန်း၊ ထွေအုပ်ရုံးအပြင် ပတ္တမြားစေတီ(ကောင်းမှုဆိုင်)တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News