နမ့်ခမ်းမြို့နယ် ပန်လော်နှင့် ဟိုနားရွာကို စစ်ကောင်စီတပ်က ပေါင် (၅၀၀)ဖြင့် ဗုံးကြဲ ကလေးတစ်ဦးအပါအဝင် (၅)ဦးသေဆုံး (၄)ဦး ဒဏ်ရာရ

နမ့်ခမ်းမြို့နယ် ပန်လော်နှင့် ဟိုနားရွာကို စစ်ကောင်စီတပ်က ပေါင် (၅၀၀)ဖြင့် ဗုံးကြဲ ကလေးတစ်ဦးအပါအဝင် (၅)ဦးသေဆုံး (၄)ဦး ဒဏ်ရာရ
ဒီဇင်ဘာ 7, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပန်လော်ကျေးရွာနှင့် ဟိုနား(ကောင်းကပ်)ကျေးရွာကို ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် ပေါင် (၅၀၀)ဗုံး ကြဲချခဲ့ရာ ကလေးတစ်ဦးအပါအဝင် အရပ်သား(၅)ဦး သေဆုံးကြောင်း TNLAထံမှ သိရသည်။

ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဟိုနားကျေးရွာရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၅)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် (၅)ဦးလုံး သေဆုံးခဲ့ကာ (၄)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

သေဆုံးသွားသူများမှာ လွေးအို အသက် (၅)နှစ်၊ မိုင်းယိုင်လေး အသက် (၃၅)နှစ်၊ တာဆွေ အသက်(၄၆)နှစ်၊ မာခမ်းလီး အသက်(၅၀)နှစ်နှင့် ယားဘာ အသက်(၅၆)နှစ်တို့ ဖြစ်ကြပြီး အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် (၄)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဒဏ်ရာရရှိသူ (၄)ဦးအနက် (၂)ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ပြီး ယမန်နေ့ညပိုင်းကလည်း နမ်ခမ်းမြို့နယ် ပန်လော်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပန်လော်ကျေးရွာရှိ ဒေသခံနေအိမ် (၇)လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ယမန်နေ့ကလည်း ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ (၅၀၁၊ ၅၀၂)တပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ အောင်မြေသာယာရပ်ကွက်(ငြိမ်းချမ်းရေးကုန်း)အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားနေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီက လက်နက်ကြီး အပါအဝင် လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ကလေးငယ် (၁၄)ဦးအပါအဝင် ဒေသခံ (၆၀)ကျော် သေဆုံးခဲ့ပြီး (၁၃၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo:PSLF/TNLA News