မြန်မာပြည်အတွင်း စက်သုံးဆီပြတ်လပ်နေ 

မြန်မာပြည်အတွင်း စက်သုံးဆီပြတ်လပ်နေ 

မြန်မာပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရကာ ဆီဆိုင်အများအပြားလည်း ပိတ်ထားရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

ဆီဆိုင်တချို့တွင်မူ ငွေကျပ်(၂၀,၀၀၀)ဖိုးမှ (၃၀,၀၀၀) ဖိုးအထိ ရောင်းချပေးသော်လည်း ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့တွင် ဆီဆိုင်ကြီးအများအပြားမှာ ဆီပြတ်လပ်သဖြင့် ပိတ်ထားရသည်ဟု သိရသည်။

"ဆိုင်ကြီးတွေပြတ်တာ။ သေချာတာက စျေးဆက်တက်ချင်တာကြောင့် ဆိုင်းငံ့ထားချင်တာလားမသိဘူး။ ဟိုနေ့ကဆို တစ်ညထဲ တစ်လီတာ(၃၀၀)ထိုးတက်တယ်။ ၉၅၊ ၉၂ က ဆိပ်ကမ်းမှာ ဆီပြတ်တာတော့ မဖြစ်လောက်ဘူး။ အခုကရတဲ့ဆီပဲ တန်းစီရတာပေါ့။ အခုက ဆီမရှိတဲ့ဆိုင်က ပိတ်တာပဲ။ ဆိုင်းဘုတ်မီးမလင်းရင်ဆီမရဘူး။ ရရင်လည်း ဘာဆီရလည်း တင်ထားတယ်။ ကုန်သည်နဲ့ စစ်ကောင်စီကြား ဘယ်လိုဖြစ်နေလဲမသိရဘူး။ ဆိပ်ကမ်းမှာသိုလှောင်မူတော့ရှိမှာပဲ။ ဘာလို့လဲဆိုတော့ ဆိုင်ကြီးတွေကဖြစ်နေတာ။"ဟု ရန်ကုန်မှ တက္ကစီယာဉ်မောင်းတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် ၉၅ တစ်လီတာလျှင် ငွေကျပ်(၂၆၄၀)၊ ၉၂ တစ်လီတာလျှင် (၂၅၁၀)ကျပ်ဖြင့် ရန်ကုန်တွင်‌ ရောင်းချပေးနေပြီး ဒီဇယ်ဆီများလည်း ပြတ်လပ်နေသည်ဟု သိရသည်။

ရန်ကုန်ရှိ သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီလာရောက်ထုတ်ယူကြသည့် ဆီဘောက်ဆာကားများစွာ ဆီထုတ်ယူရန် တိုးနေကြရပြီး မှောင်ခိုဈေးကွက်များလည်း တွင်ကျယ်လာသည်ဟု သိရသည်။

"မနေ့ကတော့ ပဲခူးထဲမှာ ဆီမပေးလို့ ကလိဘက် သွားထည့်ရတယ်။ အဲဒီမှာ ကားကြီးတွေလည်း တန်းစီနေတာအများကြီးပဲ။ ၉၂ ပဲထည့်လို့ရခဲ့တယ် (၂၀,၀၀၀)ဖိုး။ တန်းစီဝယ်နေရတဲ့အခြေအနေ။ ဒီညနေတော့ ပဲခူးထဲကဆိုင်တွေ ၉၂/၉၅ ပေးမယ်ပြောတာပဲ။ ဘယ်လောက်ဖိုး ထည့်ပေးမလဲတော့မသိဘူး။ အခုက ဆိုင်တွေအကုန်ပိတ်ထားတယ်။ မနေ့ကလည်း ညနေ(၄)နာရီမှ ပေးတယ်။ ဒီနေ့လည်း ညနေပေးမယ် ဆိုင်တွေက ကြေငြာထားတယ်။"ဟု ပဲခူးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

ပဲခူးမြို့တွင် ယမန်နေ့က ၉၂ တစ်လီတာလျှင် (၂၅၅၀)ကျပ်၊ ၉၅ တစ်လီတာလျှင် (၂၆၀၀)ကျပ်ကျော် ဈေးရှိနေပြီး မှောင်ခိုဈေးမှာ တစ်လီတာလျှင် (၅၀၀၀)ကျပ် ဈေးပေါက်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo : သီလဝါဆိပ်ကမ်းတွင် ဆီထုတ်ရန် တန်းစီနေသည့် ဆီတင်ယာဉ်များ