ခမရ ၅၆၁ မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

ခမရ ၅၆၁ မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
စက်တင်ဘာ 17, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ စစ်ကောင်စီတပ်ဖွဲ့၏ ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ်(၅၆၁) ခြေမြန်တပ်ရင်းမှ တပ်သားတစ်ဦး ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၃)ရက်နေ့က လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း သိရသည်။

စစ်ကောင်စီတပ်သား အောင်ဇော်မင်းသည် MA-3 တစ်လက်၊ ကျည်တောင့်(၃၀)ပါ ကျည်ဘောက် (၃) ခုနှင့် ၅.၅၆ ကျည်(၁၀၀)တောင့်ဖြင့် ၎င်းတပ်ရင်းမှ ထွက်ပြေးလာကာ တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတပ်သားကို တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံမှ စနစ်တကျ လွဲပြောင်းလက်ခံခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်နိုင်ရန် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် တနင်္သာရီမြို့နယ်အတွင်း CDM ဝင်ရောက်လာသည့် တပ်မတော်သား (၃၅)ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၄၉)ဦးရှိခဲ့ပြီး ၎င်းတို့အား ဆန္ဒအရ ပြည်တွင်းနှင့် ပြည်ပရှိ ဘေးကင်းလုံခြုံရာ နေရာများသို့ ပို့ဆောင်ပေးထားပြီးဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ စက်တင်ဘာလ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo :People Defense Organization-Tanintharyi Division