လောင်းလုံးမြို့နယ် သပြေရှောင်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့၊ PDF တပ်များထောက်ခံခြင်းနှင့် ဆန္ဒပြခြင်းများ ပြုလုပ်မည်ဆိုပါက ယခုထပ်ဆိုးမည်ဟု ခြိမ်းခြောက်

လောင်းလုံးမြို့နယ် သပြေရှောင်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့၊ PDF တပ်များထောက်ခံခြင်းနှင့် ဆန္ဒပြခြင်းများ ပြုလုပ်မည်ဆိုပါက ယခုထပ်ဆိုးမည်ဟု ခြိမ်းခြောက်
နိုဝင်ဘာ 24, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ သပြေရှောင်ရွာကို ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့ ညပိုင်းတွင် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ရွာအတွင်းရှိ ဒေသခံများ၏ ဆိုင်ကယ် (၂၄)စီးနှင့် ရေလုပ်သားများ၏ တဲ(၈)လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်သည် အင်အား(၇၀)ဝန်းကျင်ဖြင့် ရေလမ်းကြောင်းမှတဆင့် ယမန်နေ့နံနက်ပိုင်းတွင် ရွာအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ည(၁၀)နာရီဝန်းကျင်တွင် ရေလမ်းကတဆင့် ရွာအတွင်းမှ ပြန်လည်ထွက်သွားကြောင်း Democracy Movement Strike Committee-Daweiထံမှ သိရသည်။

“မနက်ပိုင်း ရွာထဲကိုဝင်လာပြီး ဒေသခံတချို့ကို ဖမ်းဆီးထားပြီးတော့ ညပိုင်းသူတို့ ပြန်ထွက်ခါနီးလေးမှာ သူတို့ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောတယ်ဗျ။ ရွာသားတွေကတော့ ရွာထဲပြန်ရောက်နေပြီ။ မနေ့ကတော့ တစ်ရွာလုံးနီးပါး ပြန်ရောက်နေပါပြီ။”ဟု DDMSC၏ လူထုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီ တာဝန်ခံက Tachileik News Agencyကိုပြောသည်။

ထို့အပြင် နေအိမ်များ၊ တဲများအား ဝင်ရောက်မွှေနှောက်ကာ တန်ဖိုးရှိ ရွှေ၊ ငွေနှင့် အခြားပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် သပြေရှောင်ရွာကို ယခင်ကလည်း စစ်ကြောင်းထိုး၍ နေအိမ်များအားမီးရှို့ခြင်း၊ အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းများရှိခဲ့သည်ဟု သိရသည်။

“သပြေရှောင်ရဲ့အရှေ့ဘက် ထားဝယ်မြစ်ကမ်းမှာ ဆန္ဒဆိပ်ဆိုတာရှိတယ်။ အဲဒီမှာ ရေလုပ်သားတွေနေတဲ့ တဲလေးတွေရှိတယ်။ ရွှေ့ပြောင်းလာတဲ့ တိုင်းရင်းသားတွေနေတဲ့ တဲလေးတွေရှိတယ်။ အဲဒီတဲလေးတွေ (၂၀)ဝန်းကျင်လောက်ရှိမယ်ဗျ အကုန်လုံးမီးရှို့ခဲ့တယ်။ အဲဒီမှာ ငါးလုပ်တဲ့လူတွေထားတဲ့ ဆိုင်ကယ်တွေနဲ့ ရွာထဲက ဆိုင်ကယ်တွေ မီးရှို့သွားတယ်။ ပြီးခဲ့တဲ့ တစ်ကြိမ်တုန်းကလည်း ဆန္ဒဆိပ်မှာရှိတဲ့ တဲအလုံး(၂၀)ကျော်ကို မီးရှို့ ခဲ့လို့ ဒါပြန်ဆောက်ထားတဲ့ တဲတွေဗျ။ ပြန်ရှို့ခံရတာ။”ဟု DDMSC၏ လူထုစည်းရုံးလှုဆော်ရေးဆပ်ကော်မတီ တာဝန်ခံက ပြောသည်။

ထို့အပြင် ရွာအတွင်း၌လည်း စစ်ကောင်စီတပ်များက ပြည်သူ့ကာကွယ်ရေးတပ်များအား ထောက်ခံခြင်းနှင့် ဆန္ဒထပ်ပြပါက မီးရှို့မည်ဖြစ်ပြီး ယခုထက်ပိုဆိုးမည်ဟုလည်း ခြိမ်းခြောက်စာများ ရေးသားသွားခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Democracy Movement Strike Committee-Dawei