အုတ်ဖိုမြို့နယ်တွင် မသန်စွမ်းအမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်ပြီး ဘုန်းကြီးကျောင်း၌ တည်းခိုနေသည့် စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းမိရာ ထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီးသေဆုံး

အုတ်ဖိုမြို့နယ်တွင် မသန်စွမ်းအမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်ပြီး ဘုန်းကြီးကျောင်း၌ တည်းခိုနေသည့် စစ်ကောင်စီတပ်သားတစ်ဦးအား ဖမ်းမိရာ ထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီးသေဆုံး

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်သား (၃)ဦးကို ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းဆီးရာ တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန်နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)ထံမှ သိရသည်။

အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း လင်းနေစန်းကျေးရွာဘုန်းကြီးကျောင်းအတွင်း၌ တည်းခိုနေသည့် စစ်ကောင်စီတပ်သား (၃)ဦးကို ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခဲ့ရာ စစ်ကောင်စီတပ် ခလရ(၁)မှ စစ်မှုသက်တမ်း(၄)နှစ်ရှိ တပ်သားရောဆက်ဆိုသူကို MA3 တစ်လက်၊ ကျည်(၁၂)တောင့်နှင့်အတူဖမ်းဆီးရမိခဲ့ပြီး ကျန်နှစ်ဦးမှာ ကျောင်းထိုင်ဘုန်းကြီးကားအား ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်သားများသည် ဒီဇင်ဘာလ(၁)ရက်နေ့က မင်းလှမြို့နယ်သို့ အင်အား(၃၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးခဲ့ပြီး ပြည်သူပိုင် စက်လှေ(၃)စီးအား မီးရှို့ဖျက်စီးခဲ့ကာ ဆယ်ရွာသို့ဝင်ရောက်ပြီးနောက် အိမ်တစ်အိမ်မှ အိမ်ရှင်အမျိုးသားအား အရက်ဝယ်ခိုင်းပြီး အမျိုးသမီးအား မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဟု သိရသည်။

ဆယ်ရွာမှတဆင့် ဒီဇင်ဘာလ (၂)ရက်နေ့တွင် လယ်ကြမ်းတောရွာသို့ ရောက်ရှိလာပြီး ဒေသခံများအား ပေါ်တာဆွဲယူစဉ် ထွက်မပြေးနိုင်သည့် မသန်စွမ်း အမျိုးသမီးတစ်ဦးအား လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်၍ မုဒိမ်းကျင့်ပြီးနောက် လင်းနေစန်းကျေးရွာဘုန်းကြီးကျောင်း၌ တည်းခိုနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထားစဉ် စစ်သုံပန်းအခွင့်အရေးအရ ကောင်းမွန်စွာ ထိန်းသိမ်းထားသော်လည်း ယနေ့ ဒီဇင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်များ အိပ်ပျော်နေစဉ် ထွက်ပြေးသဖြင့် တာဝန်ကျရဲဘော်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားသည်ဟု သိရသည်။

#TachileikNewsAgency

Photo : သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅