မုန်းမြို့မဈေးကို စစ်ကောင်စီတပ်မီးရှို့ ဆိုင်ခန်း ၂၀၀ ကျော်ပျက်စီး၊ ဂတ်စ်အိုးပေါက်ကွဲခြင်းဖြစ်ဟု စစ်ကောင်စီလိမ်

မုန်းမြို့မဈေးကို စစ်ကောင်စီတပ်မီးရှို့ ဆိုင်ခန်း ၂၀၀ ကျော်ပျက်စီး၊ ဂတ်စ်အိုးပေါက်ကွဲခြင်းဖြစ်ဟု စစ်ကောင်စီလိမ်

ပဲခူးတိုင်း မုန်းမြို့မဈေးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားရာ ဆိုင်ခန်းပေါင်း ၂၀၀ ကျော် ပျက်စီးပြီး စစ်ကောင်စီတပ်က ဂတ်စ်အိုးပေါက်ကွဲခြင်းကြောင့် မီးလောင်ခြင်းဖြစ်သည်ဟု ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် လိမ်လည်ဝါဒဖြန့်သည်။ 

ယမန်နေ့ ဒီဇင်ဘာလ (၂၀)ရက်နေ့က စစ်ကောင်စီတပ်သည် မြို့မဈေးကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက Tachileik News Agencyကိုပြောသည်။

"ဈေးကို တမင်မီးရှို့တာ။ အကုန်လုံး စစ်တပ်ကလုပ်တာ။ အိမ်တွေ ရိုက်ဖွင့် ပစ္စည်းတွေယူ၊ ဈေးကလည်း ဆိုင်ခန်းတွေရိုက်ဖွင့် အကုန်ယူသွားတာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က မီးရှို့သဖြင့် ဈေးအတွင်း ဆိုင်ခန်းပေါင်း(၂၃၈)ခန်းရှိသည့်အနက် (၂၁၀)ခန်း မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

KNU၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်က မုန်းမြို့ရှိ ဈေးဆိုင်တန်းများကို မီးရှို့ဖျက်စီးခဲ့ကြပြီး အဆိုပါဈေးဆိုင်တန်းများအား မီးရှို့ဖျက်ဆီးခြင်းများ မပြုလုပ်မီ (၅)ရက်ခန့်အလိုတွင် ဈေးဆိုင်တန်းများရှိ ပစ္စည်းများကို ဖောက်ထွင်းယူဆောင်သွားကာ ပြင်ပတွင် ပြန်လည်ရောင်းစားနေသည်ဟု ဆိုသည်။

“ဈေးဆိုင်တွေကို ဖောက်ပြီး ကြက်ဥတစ်လုံးကို တစ်ရာ အင်္ကျီတစ်ထည်၊ ဘောင်းဘီတစ်ထည်ကို တစ်သောင်းထဲနဲ့ လိုက်ရောင်းနေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်ကမူ ဆိုင်ခန်းအတွင်းရှိ ဂတ်စ်အိုးပေါက်ကွဲခြင်းကြောင့် မီးလောင်ပျက်စီးရခြင်းဖြစ်ပြီး အရပ်သားများ နေထိုင်ရာနေရာများသို့ မည်သည့်အခါမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: CJ