တအာင်းဒေသ၌ အရပ်သား တစ်သောင်းကျော် စစ်ရှောင်နေရကာ စစ်လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးများအပါအဝင် ၁၁ ဦးသေဆုံး

တအာင်းဒေသ၌ အရပ်သား တစ်သောင်းကျော် စစ်ရှောင်နေရကာ စစ်လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးများအပါအဝင် ၁၁ ဦးသေဆုံး
နိုဝင်ဘာ 1, 2023 | 2021 Military Coup| ရှမ်းမြောက်

၁၀၂၇ စစ်ဆင်ရေး ကြေညာပြီးနောက် (၅)ရက်အတွင်း တအာင်းဒေသတွင် စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံဦးရေ (၁၀,၀၀၀)ကျော်ရှိပြီး လက်နက်ထိမှန်ခြင်းကြောင့် ကလေးငယ် (၅)ဦးအပါအဝင် (၁၁)ဦး သေဆုံးခဲ့ရပြီး (၃၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLAထံမှသိရသည်။

 

တိုက်ပွဲများ‌ကြောင့် လားရှိုးမြို့ရှိ ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်း(၁၃)ကျောင်းတွင် စစ်ဘေးရှောင်ဦးရေ (၆,၄၅၅)ဦးရှိပြီး၊ ကွတ်ခိုင်မြို့နယ်တွင် (၁,၀၀၀)ကျော်၊ ကျောက်မဲမြို့နယ်တွင် (၄၄၆)ဦး၊ သိန္နီမြို့နယ်တွင် (၃,၀၀၀)ကျော်၊ မိုးကုတ်မြို့နယ်တွင် (၂၅၀)ဦး၊ မူဆယ်မြို့နယ်တွင် (၂၂၀)ဦး ရှိနေကာ မန်တုံမြို့နယ် မိုင်းဘော်တွင် ဒေသခံ(၁၀၀)ကျော်နှင့် ကွတ်ခိုင်မြို့နယ် မုံးကိုးနှင့် မုံးစီးအကြားတွင် ဒေသခံ(၃၀၀)ကျော်လည်း ပိတ်မိနေကြောင်း သိရသည်။



 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးအပြင် တိုက်လေယာဉ်ဖြင့် အရပ်သားနေအိမ်များသို့ ပစ်ခတ်မှုကြောင့် နမ့်ခမ်း၊ နမ့်ဖက်ကာ၊ နမ္မတူ၊ ကွတ်ခိုင်နှင့် မိုးကုတ်ရှိ အသက်(၈)နှစ်မှ (၁၂)နှစ်အရွယ် ကလေးငယ်(၅)ဦး အပါအဝင် ဒေသခံ(၁၁)ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ရပြီး (၃၄)ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာရှိ ဒေသခံနေအိမ်(၈၀)ကျော် ပြိုကျပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်ရှိ နေအိမ်(၂၆)လုံး ထိခိုက်ပျက်ဆီးခဲ့ရကာ စစ်ဘေးရှောင်များအတွက် အစားအသောက်၊ ဆေးဝါးများ၊ အိပ်ယာခင်း၊ စောင်၊ ခြင်ထောင်နှင့် အဝတ်အစားများအပြင် အမျိုးသမီးနှင့် ကလေးသူငယ်များ၏ အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသည်ဟု သိရသည်။

 

လက်ရှိတွင် မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူလူထုများအနေဖြင့် လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်မှ လွတ်ကင်းနိုင်ရန် ခိုင်ခန့်လုံခြုံသည့်နေရာများတွင် နေထိုင်ကြရန် TNLAက တိုက်တွန်းထားသည်။

#TachileikNewsAgency