မိုးများနေသဖြင့် ပဲခူးမြို့ ရေဆက်ပြီး မြင့်တက်လာနိုင်

မိုးများနေသဖြင့် ပဲခူးမြို့ ရေဆက်ပြီး မြင့်တက်လာနိုင်
အောက်တိုဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ပဲခူးမြို့အတွင်း မြစ်ရေအခြေအနေမှာ ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းနေသဖြင့် ဆက်လက်မြင့်တက်နိုင်သည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၈)ရက်နေ့ကစတင်ကာ ပဲခူးမြို့တွင် ရေကြီးရေလျှံဖြစ်ပွားပြီး ကုန်းမြင့်ရပ်ကွက်များပါ ရေနစ်မြှုပ်နေသဖြင့် ဒေသခံများမှာ ရွှေမော်ဓောဘုရားပေါ်တက်၍ ရေဘေးရှောင်နေကြရသည်ဟု သိရသည်။

“ဒီနေ့ရေက ရပ်တန့်နေတယ်။ မိုးကလည်းရွာတယ်။ မီးလည်းပြတ်နေတယ်။ ဆက်သွယ်ရေးလိုင်းတွေ တော်တော်များများလည်း မရဘူး။ မြို့လယ်ခေါင်အထိကို ရေကဒူးခေါင်းလောက်ရှိတယ်။ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ သွားနေတာ။ ကယ်ဆယ်ရေးစခန်းပါ ရေမြှုပ်လို့ ရွှေမော်ဓောဘုရားပေါ်တက်နေရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ရေကြီးခြင်းကြောင့် ပဲခူးမြို့၏ (၈၀)ရာခိုင်နှုန်း ရေဖုံးလွှမ်းနေပြီး ရွှေမော်ဓောဘုရား၊ ဗိမ္မာန်၊ အင်ဝန်းရပ်ကွက်၊ မွန်စံပြရပ်ကွက်နှင့် မြို့သစ်တစ်ခြမ်းသာ ကျန်ရှိတော့သည်ဟု သိရသည်။

ယနေ့နံနက် (၁၁)ကျော်အချိန် ပဲခူးမြို့ရေကြီးနေသည့် ဓာတ်ပုံများအား ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ကိုထင်ကျော် ပဲခူး MFSD ရှာ/ကယ်အဖွဲ့ထံမှ ရယူထားခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : ကိုထင်ကျော်-ပဲခူး MFSD ရှာ/ကယ်အဖွဲ့