ကိုးကန့်တွင် စစ်ကောင်စီတပ်စခန်း ၅ ခုကို MNDAA ထပ်သိမ်း၊ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၆ ဦးကို လက်နက်များနှင့်အတူဖမ်းမိ

ကိုးကန့်တွင် စစ်ကောင်စီတပ်စခန်း ၅ ခုကို MNDAA ထပ်သိမ်း၊ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၆ ဦးကို လက်နက်များနှင့်အတူဖမ်းမိ
ဒီဇင်ဘာ 3, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် တုန်ရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း (၅)ခုကို MNDAAက ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မာဟိုင်တောင်နေရာတွင် ယာယီတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ ယနေ့နံနက်ပိုင်းက တစ်နာရီကျော်အကြာ တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ကာ စန်းတာအိုင်တောင်အောက်ခြေတွင် တပ်စွဲထားသော စစ်ကောင်စီယာယီတပ်စခန်း (၃)ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် တုန်ရှမ်းဒေသ လောက်ရှုကုတ်ရွာအနောက်ဘက်တောင်ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ရင်း(၅၂၇)စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ကာ တိုက်ပွဲ(၅)နာရီကြာ ဖြစ်ပွားပြီး နေ့လယ်ပိုင်းတွင် သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၀)ဦးသေပြီး လက်နက်ခဲယမ်းများလည်း MNDAAက သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

သိန္နီမြို့နယ်တွင်လည်း ယနေ့ ဒီဇင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းတွင်  နန့်စလပ်ဗျူဟာကုန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးကို ဖမ်းဆီးရရှိပြီး ၎င်းတို့ထံမှ စိန်ပြောင်း(၁)လက်၊ ရိုင်ဖယ်သေနတ်၊ စက်သေနတ်၊ ဂရန်ဒီယာ စသည့် လက်နက်မျိုးစုံနှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ရှမ်းမြောက်တွင် မဟာမိတ်တပ်များသည် စစ်ကောင်စီတပ်၏ တပ်စခန်း အကြီး၊အသေး စုစုပေါင်း (၂၀၂)ခုကို သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ချင်းရွှေ‌ဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနှင့်  ကုန်းကြမ်း စသည့် မြို့(၅)မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းရွှေဟော်၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကျင်းစံကျော်နယ်စပ်ဂိတ် (၄)ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

#TachileikNewsAgency

Photo : The Kokang