ပလက်ဝမြို့ကို စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ရန် AA ကြိုးပမ်း၊ ပလက်ဝတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ AA ရရှိ​​​​​​​

ပလက်ဝမြို့ကို စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ရန် AA ကြိုးပမ်း၊ ပလက်ဝတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ AA ရရှိ​​​​​​​
ဇန်နဝါရီ 10, 2024 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ရန် ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်နေပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု AAထံမှ သိရသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် ပလက်ဝဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင်သည့် နယ်မြေဖြစ်လာနိုင်ရန်အတွက် ပလက်ဝမြို့ပတ်ဝန်းကျင်တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ် လက်ကျန်စခန်းများကို ဆက်လက်တိုက်ခိုက်နေရာ တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

ဇန်နဝါရီလ (၉)ရက်နေ့တွင် ပလက်ဝမြို့အနီးပတ်ဝန်းကျင်၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူ၊ ဂျက်တိုက်လေယာဉ်များဖြင့် ပစ်ကူပေးခဲ့ပြီး AAတပ်များကလည်း စခန်းများကို အပြီးသတ်သိမ်းပိုက်ရယူရေး တိုက်ခိုက်နေရာ စစ်ကောင်စီတပ်သား အလောင်းအများအပြားနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ပလက်ဝနှင့် ကျောက်တော်အစပ်တွင်ရှိသော စစ်ကောင်စီ၏ မီးဝဗျူဟာကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရန်အတွက် AA က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်များကို အကြိမ်ရေများစွာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ (၉)ရက်နေ့တွင်ပင် မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ်၏ ခမရ (၅၄၀)မှ အင်အား (၅၀)ကျော်ခန့်ရှိ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ သကျမာရ်အောင် ဘုရားအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၁၅)ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူများသဖြင့် အထိနာပြီး မြောက်ဦးမြို့အတွင်းသို့ ဆုတ်ခွာထွက်ပြေးသွားသည်ဟု သိရသည်။

ထို့နောက် လမ်း၌တွေ့ရှိသော မြောက်ဦးမြို့ခံ (၃)ဦးကို လူသားဒိုင်းကာလုပ်၍ ခမရ (၅၄၀)တပ်ရင်းသို့ ခေါ်ဆောင်သွားပြီး အဆိုပါအရပ်သား (၃) ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်ဟု သိရသည်။ 

ထို့အပြင် ညနေပိုင်းတွင်လည်း ခမရ (၅၄၀)တပ်ရင်းမှ မြောက်ဦးမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး (၂)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ပြည်သူလူထုကို သတ်ဖြတ်သွားပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေသော ခမရ (၅၄၀)တပ်ရင်းအား ပြတ်ပြတ်သားသား လက်စားချေ တုံ့ပြန်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency