အာဏာသိမ်းစစ်ကောင်စီက တိမ်းရှောင် လူငယ်များ  ပြန်လာကြရန် နေ့စဉ် နီးပါး ဖျားယောင်းသွေးဆောင်ကာ ခေါ်နေမှုအပေါ် မယုံကြည်ကြရန် တိမ်းရှောင်လူငယ်များက အသိပေး 

အာဏာသိမ်းစစ်ကောင်စီက တိမ်းရှောင် လူငယ်များ  ပြန်လာကြရန် နေ့စဉ် နီးပါး ဖျားယောင်းသွေးဆောင်ကာ ခေါ်နေမှုအပေါ် မယုံကြည်ကြရန် တိမ်းရှောင်လူငယ်များက အသိပေး 
စက်တင်ဘာ 11, 2023 | 2021 Military Coup| အခြားဒေသများ

 အာဏာသိမ်းစစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်ဒေသများကို ရောက်ရှိ နေသူများနှင့် ပြည်ပ နိုင်ငံများသို့ တိမ်းရှောင်နေရသူများအား ပြန်လည်ဖိတ်ခေါ်သည်ဟုဆိုကာ ကြေညာမှုများမှာ ဝါဒဖြန့် သတင်းစာများတွင် နေ့စဉ် နီးပါး ကြေညာနေလျက်ရှိရာ  အာဏာသိမ်း စီကောင်စီ၏ ထုတ်ပြန်ချက်များနှင့် ဖျားယောင်သွေးဆောင်ပြီး ပြန်ခေါ်နေမှုများကို မယုံကြည်ကြရန် တိမ်းရှောင်လူငယ်များက အသိပေး ပြောကြားလိုက်သည်။ 

“အယုံအကြည်မရှိပါဘူး။ တိုင်းပြည်မှာ  ပြည်သူ့ရွေးကောက်ပွဲ မဲအပြတ်အသတ်နိုင်တာကို အာဏာထိန်းတယ်ဆိုပြီး အာဏာမတရားသိမ်းပိုက်တာ၊ နိုင်ငံတော်အတိုင်ပင်ခံကို အမှုခေါင်းစဥ်မျိုးစုံတပ် ထောင်သွင်းအကျဥ်းချတာ၊ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီး သတ်ဖြတ်တာ၊ ဘာလက နက်မရှိတဲ့ပြည်သူကိုလည်း လက်နက်အားကိုး ခြိမ်းခြောက် ရွာလုံးကျွတ် မီးရှို့ လူသတ် ဓါးပြတိုက်နေတဲ့ သူတွေပြောစကားကို လုံး၀အယုံအကြည် မရှိပါဘူး။ အဲဒီလိုမျိုး မင်းဆိုး ခိုးဆိုးလုယက် လူသတ် ဓါးပြတိုက်တဲ့ အာဏာရှင်တွေရဲ့ ပြောစကားမှန်သမျှ အယုံအကြည်မရှိ။ သူတို့ပြောတာမှန်သမျှလည်း မထောက်ခံ၊ မယုံကြပါနဲ့လို့ ပြောချင်ပါတယ်။”ဟု ထိုင်းနိုင်ငံအတွင်း တိမ်းရှောင်နေရသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက Tachileik News Agency ကို ပြောသည်။

လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင်  ဆောက်အဦများနှင့် ပုဂ္ဂလိကပိုင် အဆောက်အဦများအား ဖျက်ဆီးမှု၊ (CDM) လှုပ်ရှားမှုတွင် ငွေကြေး အရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအား အထူးသက်ညှာစွာ ဖြေလျော့ပေးမည်ဟုဆိုကာ ထုတ်ပြန်လာခြင်းဖြစ်သည်။  



တိမ်းရှောင်ရောက်ရှိနေရာများမှ မြန်မာနိုင်ငံရှိ ၎င်းတို့ဒေသ အသီးသီးသို့ ပြန်လည်ဝင်ရောက်ရေး  စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံရှိနေရပ်များသို့ ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရဖြေလျော့ပေးမှုများနှင့်အညီ ပြန်လည်ဝင်ရောက်နိုင်ရေး နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီများနှင့်  ပြည်ပရောက် နိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်ရန်လည်း ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ နောက်ပိုင်းမှစ၍ NLD  ပါတီဝင်များ၊ ၎င်းပါတီကို ထောက်ခံသူများ CRPH နှင့် NUG၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့် မှုတို့ကြောင့် အချို့သော ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသားများသည် EAO  များတည်ရှိရာ နေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေရကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ယင်းအပြင် တိမ်းရှောင်နေသူများအနေဖြင့်  CRPH နှင့် NUG၊ ၎င်းတို့နှင့် ဆက်စပ်နေသည့် ပုဂ္ဂိုလ်အချို့၏ ထုတ်ပြန်ခဲ့သော အာဏာရှင်ဆန်သည့် ထုတ်ပြန်ချက်၊ ပြောကြားချက်တို့ အပေါ်တွင်လည်း ထပ်မံစိုးရိမ်လျက်ရှိပြီး ရောက်ရှိရာ နေရာများ၌လည်း လုံခြုံရေး အာမခံချက် မရှိမှု၊  လူမှုစီးပွားဘ၀ အဆင်မပြေ ခက်ခဲမှုတို့နှင့် ရင်ဆိုင်နေရသဖြင့် နေရပ်ဒေသအသီးသီးသို့ ပြန်လာလိုသည့် ဆန္ဒများဖြစ်ပေါ်နေသည်ဟုလည်း တိမ်းရှောင်လူငယ်များက ပြောသည်ဆိုသည့် သဘောဖြင့် လုပ်ကြံဖန်တီးကာ ဝါဒဖြန့်ထုတ်ပြန်ထားသေးသည်။



“စစ်တပ်ဘက်က အခုလို စာထုတ်ပြီး ခေါ်တယ်ဆိုတာတောင် မသိလိုက်ပါဘူး။ သူတို့ဘယ်လိုခေါ်ခေါ် လက်ရှိလျှောက်နေတဲ့လမ်းကနေ သွေဖယ်သွားမှာ မဟုတ်ဘဲ လုပ်စရာရှိတာ ဆက်လုပ်နေမှာပါ။ အနေ အစားဆင်းရဲတာလောက်ကို တောင့်ခံနိုင်ပါတယ်၊ စစ်တပ်ရဲ့ သနားသက်ညှာမှုဆိုတာကိုတော့ တစ်သက်လုံး ခံယူမှာမဟုတ်ဘူး။”ဟု နယ်စပ်သို့ တိမ်းရှောင်နေရသူ အမျိုးသမီးတစ်ဦးက ပြောသည်။



နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်တွင်မူ စစ်တပ် ၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစတင် အာဏာသိမ်းမှုဖြစ်စဉ်ပြီးနောက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့များကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၄,၀၅၆)ဦး ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် အာဏာသိမ်းခြင်းကို ဆန့်ကျင့်ခြင်းနှင့်ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၄,၇၄၀)ဦးရှိပြီး ယင်းအထဲမှ (၁၉,၄၄၇)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၇,၂၉၉)ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု AAPP က ထုတ်ပြန်ထားသည်။