မူဆယ် ၁၀၅ မိုင် စစ်ကောင်စီတပ် ဗျူဟာကုန်းကို မဟာမိတ်တပ်များတိုက်ခိုက်နေ

မူဆယ် ၁၀၅ မိုင် စစ်ကောင်စီတပ် ဗျူဟာကုန်းကို မဟာမိတ်တပ်များတိုက်ခိုက်နေ
နိုဝင်ဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီးရှိ (၁၀၅)မိုင် စစ်ကောင်စီတပ်၏ ဗျူဟာစခန်းကုန်းအား မဟာမိတ်တပ်များက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့တွင် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ် တစ်စီးဖြင့် နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ရာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

(၂၄)နာရီအတွင်း လက်နက်ချ အညံ့ခံရန်ပြောထားသော်လည်း လက်နက်ချအညံ့မခံသော အဆိုပါ (၁၀၅)မိုင် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်နက်ချအညံ့ခံရန် ကြိုပြောထားသော်လည်း အညံ့မခံသောစခန်းများနှင့် ပြည်သူလူထုအား လက်နက်ကြီးများဖြင့် ပစ်ခတ်သတ်ဖြတ်နေသောစခန်းများကိုလည်း တစ်ခုပြီးတစ်ခု ဆက်လက်တိုက်ခိုက်သွားမည်ဟု ဆိုသည်။ 

ထို့အပြင် ယနေ့တွင်ပင် မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ၏ နမ့်ပေါတံတားတပ်စခန်းအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကျောက်မဲမြို့နယ်၊ ကောင်းမူးလိန်ကျေးရွာအနီးတွင်လည်း TNLAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

လားရှိုးမြို့နယ်၊ မိုင်းလီကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကိုလည်း TNLAက  ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယမန်နေ့ကစတင်ကာ မူဆယ်မြို့အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နေအိမ်တချို့ ပျက်စီးကာ အရပ်သားတစ်ချို့လည်း သေဆုံးဒဏ်ရာရှိမှုများရှိနေကြောင်း သိရသည်။

#TachileikNewsAgency

Photo : Saw Ba Kaung