မူဆယ်မြို့နယ်တွင် ပြည်သူ့စစ်များ ပါဝင်သည့် စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့များ နှင့် TNLA တိုက်ပွဲဖြစ်နေ

မူဆယ်မြို့နယ်တွင် ပြည်သူ့စစ်များ ပါဝင်သည့် စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့များ နှင့် TNLA တိုက်ပွဲဖြစ်နေ
ဇူလိုင် 30, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာအနီးရှိ တောင်ကုန်းစေတီတွင် နမ့်ခမ်းမြို့မ ပြည်သူ့စစ်များ ပါဝင်သည့် စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့များနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း TNLAထံမှ သိရသည်။

၂၀၂၃ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့ နံနက်ပိုင်းက စတင်ပြီး မူဆယ်မြို့နယ် စယ်လန့်ကျေးရွာမှ စစ်ကောင်စီတပ် ခလရ(၂၆၁)နှင့် နမ့်ခမ်းမြို့မ ပြည်သူ့စစ် ပူးပေါင်းတပ်အင်အား (၁၀၀)ကျော်သည် TNLAတပ်ဖွဲ့ရှိရာ နမ့်ကတ်ကျေးရွာဘက်သို့ ထိုးစစ်ဆင်လာရာက တိုက်ပွဲများဖြစ်နေပြီး ယနေ့ ဇူလိုင်လ (၃၀)ရက်နေ့တွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ရှိနေကြောင်း သိရသည်။

ထို့အပြင် မူဆယ်(၁၀၅)မိုင်နှင့် နမ့်ဖက်ကာ တပ်စခန်းကုန်းမှ တိုက်ပွဲဖြစ်ပွားရာ နမ့်ကတ်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သဖြင့် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

ယင်းနေ့ ည(၉)နာရီဝန်းကျင်တွင် လွယ်ကုန်းကျေးရွာ အနီးတစ်ဝိုက်ကိုလည်း နမ့်ဖက်ကာအခြေစိုက် စစ်ကောင်စီတပ် ခလရ(၁၂၃)တပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ ဒေသခံ အမျိုးသမီး(၂)ဦး ဒဏ်ရာရပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ 

နမ့်ခုံးကျေးရွာအတွင်းကိုလည်း လက်နက်ကြီး(၃)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြောင်းဖူးစိုက်ခင်းများနှင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့သေးသည်ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ဇူလိုင်လ (၂၃)ရက်နေ့တွင် စယ်လန့်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီ တပ်သား(၃)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများ ရှိသည့်အတွက် စစ်ရေးတင်းမာနေခဲ့ခြင်းဖြစ်သည်ဟု TNLAထံမှ သိရသည်။

#TachileikNewsAgency

Photo : TNLAတပ်ဖွဲ့ဝင်များ(ပုံဟောင်း)