သင်္ကန်းညီနောင်နှင့် ရွာသစ်ဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်သဖြင့် နေအိမ်များပျက်စီး

သင်္ကန်းညီနောင်နှင့် ရွာသစ်ဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်သဖြင့် နေအိမ်များပျက်စီး

ကရင်ပြည်နယ် မြဝတီမြို့အနီး သင်္ကန်းညီနောင်နှင့် ရွာသစ်ဘက်ကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် မတ်လ (၃၀)ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးနှင့်ပစ်ခတ်ရာ နေအိမ်အများအပြား မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ကောင်စီတပ် (၂၇၅)တပ်ရင်းကနေပစ်နေတာ။ လက်နက်ကြီးနဲ့ ခဏခဏပစ်နေတာ။ လက်နက်ကြီးနဲ့ပစ်ဖို့ အဲဒီတပ်ရင်းပဲ ရှိတော့တယ်။ ဒေသခံတွေက မရှိတော့ဘူးဆိုတော့ ထိခိုက်မှုတော့မရှိဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ နေအိမ်ပျက်စီးမှု အခြေအနေအသေးစိတ်ကို မသိရသေးဟုလည်း ဒေသခံများကပြောသည်။

သင်္ကန်းညီနောင်ဒေသရှိ စစ်ကောင်စီတပ်၏ ခမရ(၃၅၅)တပ်ရင်းနှင့် ရဲစခန်းကို KNLAနှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် မတ်လ (၈)ရက်နေ့နှင့် (၉)ရက်နေ့တို့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ဗျူဟာကုန်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။ 

မတ်လ(၁၅)ရက်နေ့တွင် ခမရ(၃၅၆)တပ်ရင်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား (၁၁)ဦးသေကာ MA-1 (၄)လက်၊ MA-3 (၄)လက်၊ ငါးကြင်းမြီး စက်လက်တစ်လက်၊ ငါးကြင်းမြီးပြောင်းတို တစ်လက်နှင့် ဗုံးသီးများ၊ မိုင်းများ၊ ကျည်များကို သိမ်းရခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

လက်ရှိတွင် သင်္ဃန်းညီနောင် စစ်ဗျူဟာစခန်း၊  ခမရ (၃၅၇)တပ်ရင်းနှင့် ခလရ (၂၇၅)တပ်ရင်းများ ကျန်ရှိနေသေးပြီး အဆိုပါတပ်ရင်းများမှ မြို့တွင်းကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေခြင်းကြောင့် နေအိမ်များ မီးလောင်နေခြင်းဖြစ်သည်။

သင်္ကန်းညီနောင်ဗျူဟာကုန်း၏ ကာကင်းစခန်းများဖြစ်သည့် ခမရ (၃၅၅)၊ ခမရ (၃၅၆)နှင့် ခမရ (၃၅၇)တပ်ရင်းတို့ကို KNLA ပူးပေါင်းတပ်များက မတ်လ(၇)ရက်‌နေ့ကစတင်တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: CJ