ကလေးသူငယ်များ၏ အသက်နှင့်အခွင့်အရေးများကို ကာကွယ်ရေး မြန်ဆန်ပြတ်သားစွာ ဆောင်ရွက်ရန် ကုလကို မြန်မာသံအမတ်ကြီး တိုက်တွန်း

ကလေးသူငယ်များ၏ အသက်နှင့်အခွင့်အရေးများကို ကာကွယ်ရေး မြန်ဆန်ပြတ်သားစွာ ဆောင်ရွက်ရန် ကုလကို မြန်မာသံအမတ်ကြီး တိုက်တွန်း
By Tachileik News Agency

ကလေးသူငယ်များ၏ အသက်နှင့် အခွင့်အရေးများကို ကာကွယ်ပေးသည့် ဆောင်ရွက်ချက်များအပါအဝင် မြန်ဆန်ပြတ်သားသည့် ဆောင်ရွက်ချက်များ ပြုလုပ်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ အစည်းအဝေးတွင် တိုက်တွန်းလိုက်သည်။

အမေရိကန်ပြည်ထောင်စု နယူးယော့မြို့တွင်  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပသည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ၏ ကလေးသူငယ်များအခွင့်အရေး ဘာသာရပ်ခေါင်းစဉ်ဖြင့် ဆွေးနွေးမှု၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထွေထွေမိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့ရာတွင် ယင်းကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်စစ်တပ်အပေါ် အရေးယူတုံ့ပြန်သည့် ဆောင်ရွက်ချက်များကို ပြုလုပ်ရန် နှောင့်နှေးနေသည့်အချိန်တိုင်းတွင် ကလေးသူငယ်များ၏ အသက်များနှင့် လွတ်လပ်ခွင့်များ ပေးဆပ်နေရကြောင်းကို သတိပေးပြောကြားလိုက်ပြီး  လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများကို ကာကွယ်ပေးရန် တာဝန်ယူရန် နောက်ကျနေသည်ဟုလည်း မြန်မာသံအမတ်ကြီးက ထည့်သွင်းပြောကြားသွားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်ပြီးချိန်မှစ၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့အထိကာလအတွင်း အာဏာသိမ်းစစ်တပ်က ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အရပ်သားပြည်သူ  (၂၃၃၈) ဦးအနက် (၉၁) ဦး သည် အသက် (၁၄) နှစ်အောက် ကလေးငယ်များဖြစ်ပြီး (၂၀၉) ဦး မှာ အသက် (၁၅) မှ (၁၉) နှစ် အကြား လူငယ်များဖြစ်ကြောင်း မြန်မာသံအမတ်ကြီးက တင်ပြခဲ့သည်။

ပြီးခဲ့သည့် ရက်ပေါင်း ၆၀၀ ကျော်အတွင်း နိုင်ငံတကာအသိုက်အဝန်းထံမှ ရံဖန်ရံခါထွက်ပေါ် လာတတ်သည့် အချို့မိန့်ခွန်းများ၊ ရှုတ်ချမှုများနှင့် တောင်းဆိုမှုများရှိခဲ့သော်လည်း အာဏာသိမ်းစစ်တပ်အနေဖြင့် ပြစ်မှုကင်းလွတ်ခွင့် အခွင့်အရေးကို ဆက်လက်ရရှိခံစားလျက်ရှိနေဆဲဖြစ်ပြီး ကလေးငယ်များအပေါ်  အကြမ်းဖက်လုပ်ရပ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်လျက်ရှိရာ စိုးရိမ်ပူပန်ကြောင်း နှုတ်ဖြင့် ပြောကြားမှုဖြင့် စစ်တပ်၏ လူမဆန်သည့်လုပ်ရပ်များကို ရပ်တန့်နိုင်ခြင်းမရှိဟု မြန်မာသံအမတ်ကြီးက တင်ပြသွားသည်။

ယင်းကဲ့သို့ ကလေးသူငယ်များအနေဖြင့် ရာဇဝတ်သားတစ်ဦးကဲ့သို့ ဆက်ဆံခံနေရသည့်အချိန်တွင် မည်သည့်ဆောင်ရွက်မှုမျှမရှိဘဲ ဘေးတွင်ဆိတ်ဆိတ်ထိုင်နေနိုင်ခြင်းမျိုး လုပ်နေနိုင်မည်လားဟုလည်း မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။