KNLA တပ်မဟာ(၁)၏ နယ်မြေတွင် ဖေဖော်ဝါရီလ၏ တစ်လတာအတွင်း တိုက်ပွဲ (၄၇)ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီတပ်သား (၁၂၀)ကျော် သေဆုံးမှုရှိခဲ့

KNLA တပ်မဟာ(၁)၏ နယ်မြေတွင် ဖေဖော်ဝါရီလ၏ တစ်လတာအတွင်း တိုက်ပွဲ (၄၇)ကြိမ်ဖြစ်ပွားကာ စစ်ကောင်စီတပ်သား (၁၂၀)ကျော် သေဆုံးမှုရှိခဲ့

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း KNLA တပ်မဟာ(၁)၏ နယ်မြေတွင် ဖေဖော်ဝါရီအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း(၄၇) ကြိမ်ဖြစ်ပွားကာ အကြမ်းဖက်စစ်ကောင်စီတပ်သား (၁၂၀)ကျော် သေကြောင်း ကျိုက်ထိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့မတ်လ (၄)ရက်တွင် သတင်းထုတ်ပြန်လာသည်။

သထုံခရိုင် KNLA တပ်မဟာ(၁)နယ်မြေအတွင်း ဖေဖော်ဝါရီလတွင် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား(၁၂၀) ကျော်သေကာ (၈၀)ကျော်ဒဏ်ရာရပြီး စစ်ကောင်စီတပ် အသုံးပြုသည့် ကား(၁၆)စီး ပျက်စီးကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းတိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ဒေသခံ (၄)ဦးကို သေနတ်ဖြင့် ပစ်သတ်၍ သေဆုံးခဲ့ရသည့်အပြင် လက်နက်ကြီး ထိမှန်သဖြင့် ဒေသခံ‌ နေအိမ် (၄)လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီဘက်က အဆောက်အဦး (၂)လုံးပျက်စီးပြီး Mytel တာဝါတိုင်(၁)ခု၊ စစ်ကောင်စီလက်နက်ထောက်ပို့နေသည့် မီးရထားတံတားတစ်ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။