ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက် ရဲ ၁၀ ဦးဝန်းကျင် ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက် ရဲ ၁၀ ဦးဝန်းကျင် ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
နိုဝင်ဘာ 3, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်းအား ABSDFနှင့် ပူးပေါင်း PDF တပ်များက ယနေ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၁၀)ဦးဝန်းကျင် ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ABSDFထံမှ သိရသည်။

မင်းရွာရဲကင်းစခန်းကို ABSDFနှင့် ပူးပေါင်း PDF တပ်များက ယနေ့နံနက် (၅)နာရီ (၅၀)မိနစ်ဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက်(၉)နာရီကျော်တွင် စခန်းအား သိမ်းပိုက်နိုင်ခဲ့ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ABSDF အပါအဝင် ဂန့်ဂေါခရိုင် PDF တပ်ရင်းတွေက ဝင်ရောက်စီးနင်းတာပါ။ (၉)နာရီခွဲလောက်မှာ ကျွန်တော်တို့ စခန်းကို အပြီးသတ် သိမ်းဆည်းနိုင်ခဲ့ပါတယ်ဗျ။ လက်ရှိအခြေအနေအရ စခန်းကိုမီးရှို့ပြီးတော့ ကျွန်တော်တို့အဖွဲ့တွေ ပြန်လည်ဆုတ်ခွါလာတယ်။ ရန်သူကတော့ အများအပြားကျဆုံးတယ်။ အင်အား(၁၀)ဦးလောက်လည်း အရှင်အနေနဲ့ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။ ရရှိတဲ့ လက်နက် စာရင်းကတော့ အတိတကျတော့ မသိရသေးပါဘူး။ ကျဆုံးသွားတဲ့အထဲမှာ ဒုရဲအုပ်တစ်ယောက်ပါတယ်လို့ သိထားရပါတယ်ခင်ဗျ။”ဟု ABSDF စစ်ကြောင်း(၃) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က Tachileik News Agencyကိုပြောသည်။

အဆိုပါရဲစခန်းကို ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လည်ဆုတ်ခွာပြီးနောက် ဂန့်ဂေါမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ ခလရ(၅၀)တပ်ရင်းမှ အင်အား(၁၀၀)ဝန်းကျင်ဖြင့် စစ်ကူပေးခဲ့သည်ဟု သိရသည်။

 

ထို့အပြင် ယောဒေသရှိ မြောက်စည်းရဲစခန်းကိုလည်း တော်လှန်ရေးတပ်များက ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်နေပြီး အခြေအနေအသေးစိတ်ကို မသိရသေးပါ။

#TachileikNewsAgency