တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားများကို ရဲတပ်ဖွဲ့က ခေတ္တ ပိတ်ခိုင်းထား

တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားများကို ရဲတပ်ဖွဲ့က ခေတ္တ ပိတ်ခိုင်းထား
နိုဝင်ဘာ 15, 2023 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် လစဉ် လောင်းကစားလုပ်ငန်းများကို ဖမ်းဆီးအရေးယူမှုအဖြစ် အနည်းဆုံး (၁)မှု အထက်သို့ တင်ပြရန် ညွှန်ကြားထားသည့်အပြင် လတ်တလော အခြေအနေများအရ  အွန်လိုင်းလောင်းကစား လုပ်ငန်းများကို နိုဝင်ဘာလ(၁၅)ရက်နေ့က စပြီး ရဲတပ်ဖွဲ့က ခေတ္တ ပိတ်ခိုင်းထားကြောင်း သိရသည်။

"အွန်လိုင်းဂိမ်းတွေ အတော်များများ ဒီနေ့ ပိတ်လိုက်ကြတယ်။ ရဲက ဖုန်းဆက်အသိပေးလို့ တော်တော်များများ နားထားကြတယ်။ လကုန်လောက် အထိကြာမယ်လို့ သိရတယ်။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့ရှိ အွန်လိုင်းလောင်းကစား တော်တော်များများ ပိတ်ထားကြသော်လည်း အချို့ အထူးနေရာများ၌ ဖွင့်လှစ်ထားဆဲဖြစ်သည့် အွန်လိုင်းလုပ်ငန်းများကိုတော့ ရဲတပ်ဖွဲ့အနေဖြင့် သွားရောက် တားဆီးရဲခြင်း မရှိကြောင်း သိရသည်။

"လောင်းကစားလုပ်ငန်းတွေကို အနီးကပ်ထိတွေ့ကြရတဲ့ နယ်ထိန်းတို့၊ ဒနတို့ အနေနဲ့  လစဉ် အနည်းဆုံး (၁)မှု ဖမ်းပြဖို့ ညွှန်ကြားထားတာတွေရှိတယ်လို့ သိရတယ်။ အဲ့တော့ လစဉ် အွန်လိုင်း လောင်းကစား ဒါမှမဟုတ် ရပ်ကွက်ထဲက မူးယစ်ဆေးပါရရှိနိုင်တဲ့ လောင်းကစားဂိမ်းခုံတွေကို အဖမ်းပြဖို့ ရှိလာနိုင်တယ်။ ဒါကလည်း တာချီလိတ်ထုံးစံပဲလေ။ အကြီးကြီးတွေကိုတော့ သူတို့က ကြောက်ကြတယ်။"ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် လောင်းကစားလုပ်ငန်းများထံကနေ ရဲတပ်ဖွဲ့က လစဉ်ငွေကြေးကောက်ခံမှုများကို ရဲတပ်ဖွဲ့ဝင်ကိုယ်တိုင်သော် လည်းကောင်း၊ ၎င်းတို့ အသုံးချနေသည့် ရပ်ကွက် ပြည်သူ့စစ်ကနေ သော်လည်းကောင်း လစဉ် ငွေကြေးကောက်ခံခိုင်းပြီး ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ အပါအဝင် အထက် အဆင့်ဆင့်ကို ပြန်လည် ခွဲဝေပေးရလေ့ရှိကြောင်း ၎င်းထံက သိရသည်။

တာချီလိတ်မြို့တွင် လတ်တလော၌ လမ်းပေါ်တွင် ညပိုင်း၌ စစ်တပ်နှင့်ရဲတို့ ပူးပေါင်းပြီး ရှောင်တခင် စစ်ဆေးမှုများကို နိုဝင်ဘာလ(၁၄)ရက်နေ့က စ၍ ပြန်လည် လုပ်ဆောင်နေသလို ဧည့်စာရင်း စစ်ဆေးမှုများကိုတော့ အမြဲလိုလို စစ်ဆေးလေ့ရှိကြောင်းအပြင် တရားမဝင် ရောက်ရှိနေထိုင်သည့် တရုတ်နိုင်ငံသားများအနက် တရုတ်နိုင်ငံသား (၁၀၀)ကျော် ဖမ်းဆီးမှုလည်းရှိခဲ့သည်။