တာချီလိတ်မြို့တွင် ကျားဖြန့်လုပ်ငန်းမဟုတ်သည့် အွန်လိုင်းလောင်းကစားနေရာကနေ ဖမ်းဆီးခံထားရသည့် မြန်မာလူငယ် (၅၄၀)ဦးကို (၇၂)နာရီကျော်သည်အထိ ပြန်မလွတ်ပေးသေး

တာချီလိတ်မြို့တွင် ကျားဖြန့်လုပ်ငန်းမဟုတ်သည့် အွန်လိုင်းလောင်းကစားနေရာကနေ ဖမ်းဆီးခံထားရသည့် မြန်မာလူငယ် (၅၄၀)ဦးကို (၇၂)နာရီကျော်သည်အထိ ပြန်မလွတ်ပေးသေး
ဖေဖော်ဝါရီ 26, 2024 | မှုခင်းသတင်း| ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးမှုအတွင်း ဖမ်းဆီးခံထားရသည့် စုစုပေါင်း (၆၈၉)ဦးအနက် မြန်မာနိုင်ငံသား လူငယ် (၅၄၀)ဦးကို နာရီပေါင်း (၇၂)နာရီကျော်လာသည့် ဖေဖော်ဝါရီလ(၂၆)ရက်နေ့အထိ ပြန်လည် လွတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။



1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူးပိုင်းအချိန်တွင် တြိဂံတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအမိန့်ဖြင့် ကျိုင်းတုံတပ်နယ်က ကျားဖြန့်လုပ်ငန်းအထင်ဖြင့်  လာရောက်ဖမ်းဆီးရာမှ တရုတ်နိုင်ငံသား (၁)ဦး၊ ထိုင်းနိုင်ငံသူ (၇၃)ဦး၊ ထိုင်းနိုင်ငံသား(၇၄)ဦး နှင့် မြန်မာနိုင်ငံသူ (၃၆၇)ဦး၊ မြန်မာနိုင်ငံသား (၁၇၃)ဦး စုစုပေါင်း (၆၈၉)ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ယင်းသို့ လာရောက်ဖမ်းဆီးခြင်းကို တာချီလိတ်တပ်နယ်နှင့် တာချီလိတ်ရဲတပ်ဖွဲ့ကို ကြိုတင် အသိပေးအကြောင်းကြားခြင်း မရှိဘဲ တိတ်တဆိတ်လာရောက်ကာ ဖမ်းဆီးခြင်းဖြစ်ပြီး နောက်ပိုင်းမှ အသိပေးအကြောင်းကြားခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထားသည်များထဲတွင် နိုင်ငံခြားသားများဖြစ်သည့် ထိုင်းနှင့်တရုတ်နိုင်ငံသားတို့ကို သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် စီစဉ်ထားသော်လည်း မြန်မာနိုင်ငံသူ (၃၆၇)ဦး၊ မြန်မာနိုင်ငံသား (၁၇၃)ဦး စုစုပေါင်း (၅၄၀)ဦးကို ဖေဖော်ဝါရီလ(၂၆)ရက်နေ့အထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

 

ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား စုစုပေါင်း (၅၄၀)ဦးတွင် အားလုံးမှာ လူငယ်များသာဖြစ်ပြီး ၎င်းတို့ကို စစ်မှုထမ်းခိုင်းမည် စစ်မှုထမ်းချင်ပါက တစ်ဦးလျှင် ထိုင်းဘတ်ငွေ အနည်းဆုံး (၃၀,၀၀၀)ဘတ်ကနေ ဘတ်(၈၀,၀၀၀)အထိ ပေးပြီး ရွေးထုတ်ရမည်ဟု မြေပြင်တွင် သတင်းမျိုးစုံထွက်ပေါ်နေသလို ထိုင်းသတင်းမီဒီယာများတွက်လည်း ယင်းသို့ ထွက်ပေါ်နေလျှက်ရှိ၍ လူငယ်များ၏ မိဘများနှင့် မိသားစုဝင်များမှာ စိုးရိမ်ပူပန်နေလျှက်ရှိကြောင်း သိရသည်။

 

"သမီးလေးကို ထမင်းသွားပို့နေတာ (၃)ရက်ရှိပါပြီ။ သမီးလေးက အသက်(၁၉)နှစ်ပဲရှိသေးတယ်။ သူက အသက်ငယ်ပေးမဲ့ မိဘကို လုပ်ကျွေးနေတဲ့သူပါ။ ထမင်းသွားပို့တိုင်း သမီးလေးက ငိုနေတယ်။ အချို့ရဲနဲ့ပြည်သူ့စစ်အချို့ကလည်း  ပြန်လွတ်ပေးအောင်လုပ်ပေးလို့ရတယ် တစ်ယောက်ကို ဘတ်(၃၀,၀၀၀)ကနေ ဘတ်(၈၀,၀၀၀)လို့ ပြောတယ်။ တကယ် ဟုတ် မဟုတ်တော့မသိဘူး အဲ့လို ပြောနေကြတာ။ ဘယ်က ပိုက်ဆံနဲ့ ပြန်ရွေးရမလဲရှင်။ ဒီလောက်ငွေကြေး ဘယ်နားသွားရှာရမလဲဆိုတာလည်းမသိဘူး။ အမြန်ဆုံးပြန်လွတ်ပေးပါစေလို့ ဆုတောင်းနေရပါတယ်"ဟု ဖမ်းဆီးခံထားရသည့်၏ မိခင်တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် လူ့အသက်ကိုအန္တရာယ်ပြုပြီး ဖမ်းဆီးချုပ်နှောင်ကာ အတင်းအဓမ္မစေခိုင်းသည့် ကျားဖြန့်ဟု ခေါ်သည့် အွန်လိုင်းလိမ်လည်လုပ်ငန်း နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းမှာ မတူညီဟု သိရသည်။

"တာချီလိတ်မှာ တကယ်တမ်း ဖမ်းသင့်တာက အဖွဲ့အစည်းအချို့ရဲ့ အကာအကွယ်နဲ့ လုပ်နေတဲ့ ကျားဖြန့်လိုမျိုး နေရာတွေကို ဖမ်းရမှာ၊ ကျားဖြန့်လုပ်ငန်းတွေမှာ လူရောင်းစားခံထားရသူတွေ နည်းအမျိုးမျိုးနဲ့ လူကုန်ကူးခံရသူတွေ အများကြီးရှိတယ်။ အဲ့ဒီကျားဖြန့်လုပ်ငန်းက သူတို့လူရှာတဲ့ သတ်မှတ်ချက် မပြည့်ရင် ထမင်းမကျွေးတာ၊ ရိုက်နှက်တာ၊ ကျင်စက်နဲ့တို့တာ၊ သူတို့ ကိုယ်ပိုင်အချုပ်ခန်းထဲမှာ ပိတ်လှောင်ထားတာတွေ လုပ်တယ်။ လက်လွန်ပြီး သေသွားရင်လည်း အစဖျောက်လေ့ရှိတယ်။ သိပ်ရက်စက်တဲ့ အလုပ်လို့ ပြောရရင် မှန်တာပေါ့ဗျာ။ အွန်လိုင်းလောင်းကစားကတော့ ကျားဖြန့်နဲ့မတူဘူး။ ကျားဖြန့်တွေကို ဖမ်းတာက အဲ့ဒါတွေကို နှိမ်နင်းရာလည်း ရောက်သလို အဲ့မှာ အတင်းအဓမ္မစေခိုင်းခံထားရတဲ့ လူငယ်တွေကိုလည်း ကယ်တင်ရာ ရောက်တာပေါ့။  တာချီလိတ်က လူငယ်တွေကို မေးကြည့် ကျားဖြန့်မှာ လုပ်မလား အွန်လိုင်းလောင်းကစားလုပ်ငန်းမှာ လုပ်မလားဆိုရင် သူတို့က ကျားဖြန့်ကို ငြင်းမှာ။ တာချီလိတ်မှာ ကျားဖြန့်လုပ်ငန်းတည်နေရာတွေကို စစ်တပ်ကရော ရဲကရော သိနေပြီးသားပါ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောပြသည်။

တာချီလိတ်မြို့သည် နယ်စပ်ဒေသဖြစ်သည့်အတွက် လူငယ်များအနေဖြင့် အလုပ်အကိုင်နှင့်ပတ်သက်၍ ရွေးချယ်စရာ များများစားစားမရှိဘဲ တစ်ခုတည်းသော အလုပ်အကိုင်ကိုသာ ဦးတည်ပြီး လူငယ်အများအပြားက လုပ်ကိုင်ကြကြောင်း သိရသည်။

"တာချီလိတ်မှာကလည်း အလုပ်အကိုင်ဆိုလို့ တကယ်တမ်းကြည့်ရင်   ဒီအလုပ်ပဲ ရှိတာပါ။ ဒီအလုပ်နဲ့ပဲ မိသားစုကို ရှာကျွေးတဲ့ လူငယ်တွေ အများဆုံးပဲ။ တာချီလိတ်ကလည်း ရှိသလို ကျိုင်းတုံ၊ မိုင်းဆတ် နဲ့ တောင်ကြီးတို့အပြင် ရန်ကုန်ကနေ လာလုပ်တဲ့ လူငယ်တွေလည်း အများကြီးပဲ ရှိတယ်။  လုပ်ငန်းကို ဖမ်းပြီးရင် ရပြီပေါ့ရှင်။ အခုက လူငယ်တွေက ဆယ်ဂဏန်းပဲမဟုတ်ဘူး (၅၄၀)တောင် မနည်းဘူး။ လူငယ်တွေကို ဖမ်းထားပြီး မလွတ်ပေးသေးတော့ သူတို့တွေ အတော်ကြောက်နေကြတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။

ကျားဖြန့်လုပ်ငန်းပေါများသည့် တာချီလိတ်မြို့တွင်  1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာ တစ်ခုတည်းကိုသာ ရွေးချယ်ဖမ်းဆီးမှုအတွင်း သိမ်းဆည်းခံရသည့် ကားနှင့်ဆိုင်ကယ် အပါအဝင် ဖုန်းများ၏ အမှန်တကယ် အရေအတွက်မှာ ကားအစီး(၅၀)ကျော်။ ဆိုင်ကယ် အစီး (၃၀၀)ဝန်းကျင် နှင့် ဖုန်း အလုံး(၇၀၀)ကျော်ရှိသော်လည်း သက်ဆိုင်ရာဌာနသို့ တင်ပြသည့် အရေအတွက်မှာ အနည်းငယ်သာ တင်ပြထားကြောင်း နှင့် သိမ်းဆည်းထားသည့် ကား/ဆိုင်ကယ်နှင့်ဖုန်းတို့မှာ ဖမ်းဆီးခံထားရသည့် လူငယ်များ၏ ပစ္စည်းများဖြစ်ပြီး အွန်လိုင်းလောင်းကစားလုပ်ငန်းပိုင် ပစ္စည်းများမဟုတ်ကြောင်း သိရသည်။ 

"ဖမ်းခံထားရတဲ့ လူငယ်တွေရဲ့ ကားလည်း ပြန်မရ၊ ဆိုင်ကယ်လည်း ပြန်မရ၊ ဖုန်းဆို ပြန်ရဖို့ ဝေးရောပဲ။ သူတို့တွေ ရှိစုမဲ့စုနဲ့ဝယ်ထားတာလေးကို သိမ်းကြုံးပြီး သိမ်းယူသွားတာ။ သိမ်းသွားတဲ့ ကားတစ်စီးဆိုရင် စစ်တပ်က အရာရှိတစ်ဦးနဲ့နီးစပ်တဲ့ ကောင်မလေးတစ်ယောက် မောင်းနေတာတွေ့ရတယ်"ဟု ဖမ်းဆီးခံထားရသူများနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးထားသည့် အဆိုပါ လူငယ်များကို တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်အတွင်း ရောင်နီဦး အနောက်ဘက်ရှိ "ဝ"ပိုင်သည့် အဆောက်အဦးဟု လူသိများသည့် နေရာတွင် ဖေဖော်ဝါရီလ(၂၆)ရက်နေ့ နံနက်ပိုင်းအချိန်အထိ ထားရှိထားဆဲဖြစ်ကြောင်း သိရသည်။